တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်မှ ကျောက်တော်နှင့်မြောက်ဦးမြို့တို့မှ တပ်ရင်း ၂ ရင်းကို ထပ်မံအပြီးသတ်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.2k

ရက္ခိုင့်တပ်တော်(AA)သည် ကျောက်တော်မြို့ အခြေစိုက် တပ်ရင်းတစ်ရင်းနှင့် မြောက်ဦးမြို့ အခြေစိုက် တပ်ရင်းတစ်ရင်း၊ စုစုပေါင်း တပ်ရင်း (၂) ရင်းကို နောက်ထက် အပြီးသတ် ထပ်မံသိမ်းပိုက်ခဲ့သည်ဟု သတင်းရရှိသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည့် သတင်းတွင် အဆိုပါ တပ်ရင်းနှစ်ရင်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 ထုတ်ပြန်ချက်အထဲတွင် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” တစ်ရင်းလုံး အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

အလားတူ  မြောက်ဦးမြို့ရှိ မိမိတို့၏ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ (၉) လက်အောက်ခံ “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးအားလည်း ဖေဖော်ဝါရီ (၅) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။  


လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင်သိမ်းပိုက်ခဲ့ပြီး ယခုတပ်ရင်း ခမရ (၃၇၆) နှင့်ဆိုလျှင် တပ်ရင်း (၂) ရင်းကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ ကျောက်တော်မြို့တွင် အမှတ်(၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် ခမရ (၃၇၅) တပ်ရင်းသာ ကျန်ရှိတော့ပြီး စကခ ၉ နှင့် ခမရ ၃၇၅ တို့မှာလည်း သိမ်းပိုက်ရန် တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သည်ဟု သိရသည်။




 ရက္ခိုင့်တပ်တော်သည် မြောက်ဦးအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအားလည်း  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ပြီး ယခု ခမရ (၃၇၈) နှင့် ဆိုလျှင် တပ်ရင်း (၂) ရင်းကို အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

 

လက်ရှိ မြောက်ဦးတွင် ခမရ (၃၇၇) တပ်ရင်းနှင့် ရဲတပ်ရင်း (၃၁) သာ ကျန်ရှိနေပြီး ၎င်းတပ်ရင်းများမှာလည်း များမကြာမီ ရက္ခိုင့်တပ်တော်လက်ထဲ ကျရောက်သွားနိုင်သည်ဟု စစ်ရေးအကဲခတ်လေ့လာသူများက ပြောကြားသည်။

 

ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်း အချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့သည်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။


တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံ ရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြကြောင်း၊  ဤကဲ့သို့သောဖြစ်ရပ်မှာ ယမန့်နေ့တွင်လည်း ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ထပ်မံဖြစ်ပျက်လျက်ရှိကြောင်း၊ ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၅ရက်တွင် လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးကြောင်း၊ အရေအတွက် အသေးစိတ်အား အတိအကျမသိရသေးကြောင်း ဖော်ပြထားသည်။


၎င်းပြင် စစ်ကောင်စီ၏ နေဗီစစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းဗြဲ၊ ပြင်ချောင်းကြီးကျေးရွာနှင့် အနီးအနားသို့ (၁၀) ကြိမ် အထက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။  

ဆက်စပ် သတင်းများ