တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် နယ်ခြားစောင့်အရေအတွက် ၁၀၆ ဦးအထိရှိလာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ လက်နက်များနှင့် အတူ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက်သည် ၁၀၆ ဦးအထိ ရှိလာပြီဟု Dhaka Tribune က သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam မှ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့  BGP အဖွဲ့ဝင် ၁၀၆ ဦးသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ်  တောင်ပြို နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်နက်များအတူ ဝင်ရောက်လာကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ (BGB)သည် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များထံက  လက်နက်များကို ဖြုတ်သိမ်းပြီး ဘေးကင်းသည့် အမိုးအကာတစ်ခုတွင် ခေါ်ဆောင်ထားသည်ဟု ဆိုသည်။

တနင်္လာနေ့အစောပိုင်းက ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က မြန်မာနယ်ခြားစောင့် တပ်သားများကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ဝင်ရောက်ခိုလှုံပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သံတမန်ရေးရာ လုပ်ငန်းစဉ်အပြီးတွင် ၎င်းတို့အား ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနယ်ခြားစောင့်တပ် (BGP) အဖွဲ့ဝင်များသည် တနင်္ဂနွေနံနက်ပိုင်းမှ စတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံနေကြသည်ဟု ရှာရီဖူအစ္စလမ်က ပြောကြားခဲ့သည်။


လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဝင်ရောက်လာသူ ၆၈ ဦးနှင့်​ တနင်္လာနေ့ ည ၈ နာရီတွင် ဝင်ရောက်လာသူ ၃၈ ဦး စုစုပေါင်း (၁၀၆) ဦးဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်သည် ကောင်းစွာလေ့ကျင့်ထားသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရယူလိုသဖြင့် တော်လှန်တိုက်ပွဲဝင်နေသည့်  အဖွဲ့ဖြစ်ကြောင်း Dhaka Tribune တွင် သတင်း ဖော်ပြသည်။

ရက္ခိုင့်တပ်တော်သည် မကြာသေးမီက ဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေးအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)  တို့နှင့်အတူ ညီအကို မဟာမိတ်အဖွဲ့ (၃)ဖွဲ့ အမည်ဖြင့် လက်တွဲ၍ တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်ဟု ဖော်ပြသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ တောင်ပြိုတိုက်ပွဲများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင်  တောင်ပြို နယ်ခြားစောင့် စခန်းများအား ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တောင်ပြို (ယာ) နယ်ခြားစောင့် စခန်းအား ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ၎င်းစခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီအလောင်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းပိုက်ရရှိခဲ့သည်။

တောင်ပြို (လက်ဝဲ) စခန်းအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီ နယ်ခြားစောင့်ရဲနှင့် စစ်သားအများအပြားသည် စခန်းကနေ ထွက်ပြေးသွားခဲ့ကြသည်သည်ဟု သိရသည်။

ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံ ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း၊  စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း၊  ဤကဲ့သို့သောဖြစ်ရပ်မှာ ယမန့်နေ့တွင်လည်း ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ထပ်မံ ဖြစ်ပျက်လျက်ရှိကြောင်း၊ ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့တွင် လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 Ref: Dhaka Tribune and Three brotherhoods Alliance  

ဆက်စပ် သတင်းများ