စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်ကောင်စီမိသားစုဝင်များကို ကုန်တင်သင်္ဘောဖြင့် သံတွဲဘက်သို့ ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်တပ်မိသားစုဝင်များကို ယမန်နေ့က စတင်ကာ ကုန်တင် သင်္ဘောဖြင့် ရွှေ့ပြောင်းနေပြီး  ၄င်းမိသားစုဝင်များမှာ ဓညဝတီရေတပ်ဌာနချုပ်မှ ဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၅ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က စစ်တပ်မိသားစုဝင်များအပြည့်တင် ဆောင်ထားသည့် ကုန်တင်သင်္ဘောတစ်စီးမှာ ကျောက်ဖြူမှ သံတွဲဘက်သို့ ပင်လယ်ပြင်လမ်းကြောင်း အတိုင်း ထွက်ခွာသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

" မနေ့က မနက်ဘက် ဆယ်နာရီလောက်မှာ ကုန်တင်ရေယာဥ်ပေါ့။ အဲဒီသင်္ဘော တစ်စီးနဲ့ စစ်သားမိသားစုတွေ အပြည့်တင်ယူသွားတယ်။ အဲဒီသင်္ဘောကသံတွဲဘက်ကိုထွက်သွားတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ပေါ်တပ်ရင်းများဖြစ်သည့် ခမရ ၅၄၂၊ ခမရ ၅၄၃ နှင့် ခလရ ၃၄ တပ်ရင်းများက မိသားစုများကိုမူ ရွှေ့ပြောင်းသည့်သတင်းမကြားရသေးသဖြင့် ယခု ပြောင်းရွှေ့သွားသည့် မိသားစုများမှာ ဓည၀တီရေတပ်စခန်းက ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

ယမန်နေ့က ကုန်တင်သင်္ဘောဖြင့်တင်ဆောင်သွားသည်မှာ သစ်ပုတ်တောင်၊ ဓညဝတီရေတပ်ဌာနချုပ် စခန်းမှ စစ်တပ်မိသားစုဝင်များဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက ပြောသည်။

" မြို့ပေါ်တပ်ရင်းတွေကလည်း ရွှေ့ပြောင်းတာမရှိဘူးလို့သိရတယ်။ အဲဒီမိသားစုဝင်တွေက ရေတပ်ကမိသားစုဝင်တွေလို့ ယူဆရပါတယ်" ဟု ​ပြောသည်။

ဓညဝတီရေတပ်ဌာနချုပ်စခန်းမှာ ဇန်နဝါရီလ ၈ ရက်ကတကြိမ်၊ ဇန်နဝါရီ ၂၂ ရက်ကတကြိမ် ရက္ခိုင့်တပ်တော်(AA) ၏ အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ဇန်နဝါရီ ၂၂ ရက်တိုက်ခိုက်မှုအတွင်း AA ပစ်ခတ်သည့် အတွဲလိုက်ဒုံးများထဲမှ ၄ လုံးခန့် ရေတပ်ဌာနချုပ်ထဲမှ လက်နက်ခဲယမ်းတပ်ရင်းထဲကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် မလကျွန်း ၊ပြင်ရှည်ရွာသစ်နှင့် ကျောက်ဖြူတောင်ကြားရှိ ရေမျက်တွင် စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၃၂)ဒိုးတန်းတောင်ရဲတပ်ရင်းတို့က လက်နက် ကြီးရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံ အနည်းဆုံး(၆)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်သားများမှာ ရှေ့တန်းထွက်ရမည်စိုးရိမ်၍ တပ်မှ ထွက်ပြေးမှုများရှိနေရာ ဖေဖော်ဝါရီလ ၄ ရက်၊ညနေပိုင်းက ခလရ(၃၄)တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့်ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းကလည်း ဓညဝတီရေတပ်ဌာနချုပ်မှ စစ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့်ထွက်ပြေးပြီး AA ထံအလင်းဝင်သွားခဲ့ကြောင်း သိရှိရသည်။ (NN-23)

ဆက်စပ် သတင်းများ