တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်ကုလားတန်မြစ်အတွင်း AA က တိုက်ခိုက်၍ ရေတပ်ဇက်ရေယာဉ် နှစ်စီး နစ်မြုပ်ဟု သတင်းထွက်ပေါ်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4k

ကျောက်တော်မြို့နယ်တွင် ရေတပ်ဇက်ရေယာဉ်ဖြင့် တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်( AA) က တိုက်ခိုက်၍ စစ်ရေယာဉ် ၂ စီး နစ်မြုပ်သွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

၎င်းဇက်ရေယာဉ်များသည် ကျောက်တော်တပ်မနှင့် ခမရ (၃၇၅) တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို တင်ဆောင်၍ ကုလားတန်မြစ်ကြောင်းအတိုင်း တပ်ဆုတ်လာစဉ် အပေါက်၀ရွာအထက်ပိုင်းတွင် ရေမြုပ်မိုင်း ထိမှန်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ပြောသည်။

“ ရေမြုပ်မိုင်းထိတယ်လို့ ကြားရပါတယ်။ တစ်စီးက လုံး၀ မြုပ်သွားပါပြီ။ နောက်တစ်စီးက မြုပ်ခါနီးနေပါပြီ။ အခုကျနော်တို့ ကြားတာက ရေမြုပ်မိုင်းထိတယ်လို့ ကြားပါတယ်။ အပေါက်၀ရွာ အထက်ပိုင်း နားမှာဖြစ်တာပါ”ဟု ယနေ့ ညနေ ၅ နာရီကျော်ခန့်က ပြောသည်။

တချို့သတင်းများတွင် ရက္ခိုင့်တပ်တော်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ လက်နက်ကြီးကျည်ထိမှန်၍ နစ်မြုပ်သွားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

လက်ရှိ မြစ်ကမ်းဘေး တစ်ဘက်တစ်ချက်တွင် ရက္ခိုင့်တပ်တော် နေရာယူ စောင့်ကြည့်နေသည်ဟုလည်း ၎င်းသတင်းရင်းမြစ်ကပြောသည်။ 

ကျောက်တော်မြို့တွင် နောက်ဆုံးလက်ကျန် ခမရ (၃၇၅) တပ်ရင်း နှင့် စကခ (၉) တို့ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။

နောက်ထပ် ဒေသအတွင်းသတင်းရင်းမြစ်တစ်ဦးက  " ကျနော်တို့သိရသလောက် တပ်မကို မနေ့က မနက် ၁၀ နာရီကတည်းက သိမ်းနိုင်ခဲ့ပြီ။  နေဗီ ၂ စီးကိုလည်း ကိုယ့်တပ်‌တော်က ကျောက်တော်မြို့ မရောက်ခင် တိုက်ခိုက်လိုက်တာမျိုးရှိတယ်။ လက်ရှိနယ်မြေရှင်းလင်းရေး လုပ်နေကြတယ်" ဟု  နိရဉ္စရာသတင်းဌာနကိုပြောသည်။

ယင်းအပြင်ကျောက်တော် တပ်မတွင်ကျန်ရှိနေသည့် စစ်သားနှင့်ရဲသား အင်အား ၂၀၀ ခန့်နှင့်မိသားစုဝင်များကို ရက္ခိုင့်တပ်တော်ထံ လက်နက်ချရန် တိုက်တွန်းခဲ့သဖြင့် လက်နက်ချအလင်းဝင်လာခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနအနေဖြင့် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား မေးမြန်းဆက်သွယ်နေဆဲဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အား ဖုန်းလိုင်း အခက်အခဲများကြောင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

အလားတူ မြောက်ဦးတွင်လည်း ခမရ (၃၇၇) ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်နေပြီး အမှတ် (၃၁) ရဲတပ်ရင်း တစ်ရင်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ