(AAက ဝိုင်းဝန်းပိတ်ဆို့ထား၍ ရာဘာခင်းတစ်ခုတွင် တပ်စွဲနေဟုဆို)
စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ တပ်တောင်မြို့မှစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် စခန်းမှဆုတ်ခွာ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
အဆိုပါတပ်တောင်မြို့လယ်ခေါင် ဘုရားတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်သား ၄၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးတို့မှာ ဖေဖော်ဝါရီလ ၅ ရက် ၊ ညဥ့်၁၂ နာရီနောက်ပိုင်းတွင် မြို့မှ လက်နက် အပြည့်အစုံဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသခံများကပြောသည်။
" ၅ ရက်နေ့ညသန်းခေါင်ယံအချိန် ဆယ့်နှစ်နာရီနောက်ပိုင်းမှာပေါ့။ အဲဒီဘုရားတောင်ပေါ်ကစစ်သားတွေအကုန်လုံးမြို့ပေါ်က ဆုတ်ခွာသွားကြတာပါ။အခုတပ်တောင်မှာဘာစစ်သား၊ ဘာရဲမှမရှိတော့ပါဘူး" ဟု တပ်တောင်မြို့ခံတစ်ဦးက ပြောသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က တပ်တောင်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်တချို့ကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များအားလုံးကို စစ်တပ်စွဲထားသည့် ဘုရားတောင်ပေါ်သို့ ခေါ်ယူထားခြင်းဖြစ်ကြောင်းသိ၇သည်။
လက်ရှိတပ်တောင်မြို့မှဆုတ်ခွာသွားသည့် စစ်တပ်မှာ ရက္ခိုင့်တပ်တော်(AA) က ဝိုင်းဝန်း ပိတ်ဆို့ထား၍အမ်းမြို့ကိုလည်းမရောက်ရှိသေးဘဲ အမ်း-တပ်တောင်ကြား ရာဘာခင်းတစ်ခုတွင် တပ်စွဲနေကြောင်းဒေသခံများက ပြောသည်။
" သူတို့(စစ်သားတွေ)အမ်းမြို့ကိုလည်းမရောက်သေးပါဘူး။ အမ်းနဲ့တပ်တောင်ကြားက ရာဘာခင်းတွေမှာ တပ်စွဲထားတယ်လို့သိ၇တယ်"ဟု ပြောသည်။
ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA)က မြို့ကြီးများ၊ ဗျူဟာကုန်းကြီးများနှင့် တပ်ရင်းစခန်းမြောက်များစွာ တိုက်ခိုက် သိမ်းပိုက်နိုင်လာသည်နှင့် အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းမှစွန့်ခွာထွက်ပြေးမှု၊ လက်နက်ချအညံ့ခံမှုများပိုများပြားလာကြောင်း သိ၇သည်။(NN-23)