စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံကြဲ၍ မီးလောင်မှုထပ်မံဖြစ်ပွား


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံကြဲ၍ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁၂ နာရီခွဲမှ စတင်ကာ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀ ကျော် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊  လောင်းချောင်း နှင့် တောင်ဥက္ကလာ ရပ်ကွက်တို့တွင် မီးခိုးများထွက်နေသည်ကို တွေ့မြင်ရကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"၁၁ နာရီခွဲလောက်က လက်နက်ကြီးသံ လေးငါးချက် လက်နက်ငယ်ပစ်သံ နည်းနည်း ကြားလိုက်ရပြီး ရပ်သွားတယ်။ ၁၂ နာရီခွဲလောက်မှာ ဂျက်နဲ့လာပစ်တာ။ နှစ်လုံးချတာ မြင်ရတယ်။ ပေါက်သံမကြားရဘဲ မီးခိုးဆောင်းဆောင်းထွက်လာတာပဲ မြင်ရတယ်။ အသံမထွက်ပဲ မီးလောင်တဲ့ဗုံးမျိုးလားမသိဘူး။  နေ့လယ် ၁ နာရီ ခွဲမှာလည်း တစ်ခေါက် ထပ်လာတယ်။ လောင်းချောင်း၊ တောင်ဥက္ကလာဘက်ကို ကျတာလို့ထင်တယ်" ဟု ပြောသည်။

ရမ်းဗြဲတိုက်ပွဲတွင်  စစ်ကောင်စီသည် တခြားနေရာများထက် လေကြောင်း အများဆုံး သုံးကာ တိုက်ခိုက်သည့်အတွက် မီးလောင်မှု အကြိမ်ကြိမ်ဖြစ်ပွားပြီး မြို့တွင်း အဆောက်အအုံများ ထိခိုက် ပျက်စီးမှု များပြားလွန်းသည်ဟု မြို့ခံများက ပြောသည်။

ယင်းအပြင် ကလိန်တောင်မြစ်မှနေ၍ ရေတပ်ဇက်နေဗီဖြင့် လက်နက်ကြီးများလည်း ပစ်ခတ်သည်ဟု သိရသည်။

ရမ်းဗြဲမြို့ခံ အမျိုးသမီးတစ်ဦးက "ဂျက်ကနှစ်စီးပါ။ နာရီဝက်အတွင်းမှာ သုံး လေးခေါက် လာပစ်တာပါ။ ပေါက်သံတွေ တော်တော်အကျယ်ကြီး ကြားရတယ်။ နင်လား ငါလားကို ကြဲချတာပါ။ ကျမမှတ်ထားသလောက် မြို့ထဲကို ၁၀ ကြိမ်နဲ့ အထက်ကို ကြဲချတာပါ။ ကလိန်တောင်မြစ်ကြောင်းက နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်လို့ အင်းတောင်၊ င/ရမုန်ဘက်ကို ကျပေါက်တာတွေ့ရပါတယ်" ဟု ပြောသည်။

ယင်းနောက် ယနေ့  နေ့လယ် ၂ နာရီကျော်ခန့်တွင် သိမ်တောင်အနီးမှ နှစ်ဘက် ပစ်ခတ်သံများ ကြားခဲ့ရပြီး ည ၉ နာရီခွဲအထိ တိုက်ပွဲပြင်းထန်သည်ဟု သူမက ဆက်ပြောသည်။

"နှစ်ဘက်ပစ်သံ တော်တော်ကို ပြင်းထန်ပါတယ်။ ကြားထဲမှာ ခဏပဲရပ်တယ်။ အခု ည ၉ နာရီခွဲတော့မယ်။ ပစ်သံတွေကြားနေရတုန်းပဲ"ဟု ပြောသည်။

ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈  ရက်မှစတင်ကာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွါးခဲ့သည့်အတွက်  လူဦးရေတစ်သောင်းကျော်ရှိသည့် ရမ်းဗြဲမြို့မှ မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မြို့ပေါ်  နေအိမ် အဆောက် အအုံ ၅၀ ရာနှုန်း ထိခိုက်ပျက်စီးသွားပြီဟု သိရသည်။ (NN-7)

(ဓာတ်ပုံ - ရမ်းဗြဲမြို့ မီးလောင်နေသည့်မြင်ကွင်း) 

 

ဆက်စပ် သတင်းများ