Preview

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

ဖေဖော်ဝါရီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :2613
ရခိုင် သတင်း

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့်ARA နှင့်RSO တပ်ဖွဲ့ဝင်များ၏အလောင်းအချို့ သိမ်းဆည်း၇မိ)

ရက္ခိုင့်တပ်တော် ( AA)သည်ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း)ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အားရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀)မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို(လက်ယာ) ဗျူဟာစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

တောင်ပြို(လက်ယာ) ကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ဆက်တည်း၌ပင် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်၇ယူနိုင်ခဲ့သည်။


ရက္ခိုင့်တပ်တော်မှဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက်စုစုပေါင်းအင်အား (၂၀၀) အထက်သည် ဘင်္ဂလာဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိနယ်ခြားမြစ်ဖြစ်သည့် “နတ်မြစ်”ကို ကျော်ဖြတ်ပြီးမောင်တော ဖက်ခြမ်းမှ ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့်ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြသည်ဟု ဖော်ပြထားသည်။

ရန်သူ့စခန်းများကျဆုံးပြီးနောက် ဖရိုဖရဲဖြစ်နေသည့်တစ်ပြိုင်နက်တည်းတွင်ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအားရက္ခိုင့်တပ်တော်မှ ဆက်တိုက်လိုက်လံ ရှင်းလင်းခဲ့သည်။

စခန်းရှင်းလင်းရေးလုပ်နေစဉ်အတွင်း ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့်ARA နှင့်RSO တပ်ဖွဲ့ဝင်များနှင့်ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည်တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ မိမိတို့အားအပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြသည်။


အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမိမိတို့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏အလောင်းအမြောက်အမြား၊ ARA နှင့်RSO တပ်ဖွဲ့ဝင်များ၏အလောင်းအချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကိုသိမ်းဆည်း၇မိခဲ့သည်။

တောင်ပြို (လက်ယာ) စခန်းအားထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှနယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည်ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ပြီးထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိလက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့်ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက်ARA အဖွဲ့ထံအကူအညီတောင်းခံခဲ့ကြောင်း စသည့် အချက်အလက်များအား မိမိတို့ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရှိရကြောင်း ဆက်လက် ဖော်ပြထားသည်။  

ထို့အပြင်မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများထံမှ ဆက်လက်သိရှိရသည်မှာနယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA(Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင်အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်းသိရှိ၇သည်။

မိမိတို့သိမ်းဆည်း၇မိသည့် ARA တပ်စခန်းများထဲတွင်တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သောလက်နက်ခဲယမ်းများအပြင် မိမိတို့သိမ်းပိုက်နေစဉ် စပ်ကြားအဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသောလက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက် များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ (၂၈)ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှသိမ်းဆည်းရမိခဲ့သည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင်အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင်အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားသည်ကိုလည်း တွေ့ရှိ၇သည်။ တောင်ပြို(လက်ဝဲ) စခန်းနှင့်ARA ၏အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာဝေးသည်။

ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာနယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြားအပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။

ထို့အပြင်ARA စခန်း၏တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်းထင်ရှားစွာတွေ့ရှိရသည်။ ARA အဓိကစခန်း၏တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border GuardBangladesh) တပ်စခန်းတစ်ခုလည်းရှိနေသည်။



ရန်သူ့လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကိုARA အဖွဲ့မှရယူနိုင်ခဲ့ခြင်းမှာ ၎င်းအချိန်တွင် ရန်သူ့စခန်းများအတွင်း၌ ၎င်းတို့သည်အတူရှိနေခဲ့ကြပြီး မိမိတို့၏ ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARAတပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြစဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း၇သမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်သည်။

ARA အဖွဲ့သည်အဆိုပါလက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်းသိရှိ၇သည်။

ထို့အပြင်မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီးထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။

တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိလူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီးလုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပုံစာ- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၄/၅/၆) ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ ဘင်္ဂလာ-ရက္ခိုင်နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများနှင့် ARA၊ RSO စခန်းတို့ကိုရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.