ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က မင်းပြားကိုသိမ်းပြီးနောက် ကျောက်တော်မြို့ကိုထပ်မံသိမ်းပိုက်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(မြောက်ဦးတွင်လည်း တပ်ရင်း ၃ ရင်းစလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကာ အမှတ်(၃၁) ရဲတပ်ရင်းတစ်ခုသာကျန်ရှိ)

ရက္ခိုင့်တပ်တော်သည် မင်းပြားမြို့ကို သိမ်းပိုက်ပြီးနောက် တစ်ရက်အကြာ ကျောက်တော်မြို့ကို ဆက်လက် သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

၎င်းပြင် ရက္ခိုင်ရှေးဟောင်း မင်းနေမြို့တော်ဟောင်း မြောက်ဦးမြို့ရှိ စစ်ကောင်စီ တပ်ရင်း (၃) ရင်းစလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကာ ရဲတပ်ရင်း တစ်ရင်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

တစ်လကျော်ကြာ ထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ  ရဲတပ်ရင်း အမှတ် (၃၁) က လွဲ၍ ကျန်တပ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည (၁၁း၅၀) အချိန်တွင် ညီနောင်သုံးဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင့်တပ်တော်အနေဖြင့် တစ်လကျော်ကြာထိုးစစ်အပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြိုရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကို ယမန်နေ့ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သိမ်းပိုက် ရယူထားပြီးဖြစ်သည်” ဟု ဖော်ပြထားသည်။

ကျောက်တော်မြို့ရှိ နောက်ဆုံးလက်ကျန် ခမရ (၃၇၅) တပ်ရင်းနှင့် စကခ (၉) တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်ဟု ဒေသခံများက နိရဥ္စရာကို ပြောဆိုကြသည်။

ထို့အပြင် ရေတပ်ဇက်ရေယာဥ် ၂ စီးသည် ကျောက်တော် တပ်မ(စကခ ၉) နှင့် ခမရ (၃၇၅) တပ်ရင်းမှ တပ်ဆုပ်လာသော စစ်ကောင်စီတပ်သားများကို တင်ဆောင်၍ ကုလားတန်မြစ်ကြောင်းအတိုင်း တပ်ဆုတ်လာစဉ် အပေါက်ဝရွာအထက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့၍ ဇက်ရေယာဉ် ၂ စီးလုံး မြစ်တွင် နစ်မြုပ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။

၁၀၂၇ စစ်ဆင်ရေး (၁၀၄) မြောက်သည့် ဖေဖော်ဝါရီ ၇ ရက်နေ့သည်  ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ထိုးစစ်/ ခံစစ်အပြင်းထန်ဆုံးနေ့ တစ်နေ့ဖြစ်ခဲ့ကာ အထူးသဖြင့် ရေကြောင်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ရေတပ် အထိနာခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် မြောက်ဦးမြို့ရှိ လက်ကျန်တပ်ရင်းများကိုလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီး ဖြစ်ကာ လက်ရှိမြောက်ဦးမြို့တွင် အမှတ်(၃၁) ရဲတပ်ရင်းတစ်ခုသာ ကျန်တော့ပြီး အဆိုပါတပ်ရင်းကိုလည်း များမကြာမီတွင် သိမ်းပိုက်နိုင်တော့မည်ဟု သိရသည်။  

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား ယနေ့၊ နေ့လယ် (၁) နာရီ (၂၈) မိနစ်အချိန်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် (၅) ကြိမ်ထက်မနည်း လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နေ့လယ် (၂) နာရီ ကျော်ခန့်၌လည်း ရန်သူ့နေဗီသင်္ဘောသည် လက်နက်ကြီးဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊  ရမ်း‌ဗြဲ၊ သိမ်တောင်ကုန်းဘုရားထက်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ယနေ့၊ နံနက် (၉) နာရီအချိန်ခန့်ကပင် ညနေ (၅) နာရီ (၄၀) မိနစ် အချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။  

အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြန်ကြောင်း၊  စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအတွင်း ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပုလုတ်တောင်အရပ်နှင့် ရမ်းဗြဲမြို့အနီး ဝန်းကျင်နေရာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးသည် ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်းတွင် ရခိုင်ဒေသတစ်ခုလုံးနှင့် ရှမ်းမြောက်မဟုတ်သော နေရာဒေသများ၌ စစ်ဆင်ရေးသည် ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက် ရွေ့လျားလည်ပတ်လျက်ရှိသည်ဟုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ