တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ကို စစ်ကောင်စီမှ လေကြောင်းက အဆိပ်ငွေ့သုံးကာ ထပ်မံတိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီသည် လေကြောင်းမှ အဆိပ်ငွေ့ဗုံးများသုံးကာ ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏​ ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အထဲတွင် “ အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြန်သည်”ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအတွင်း ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပုလုတ်တောင်အရပ်နှင့် ရမ်းဗြဲမြို့အနီး ဝန်းကျင်နေရာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား ဖေဖော်ဝါရီ ၇ ရက်  နေ့လယ် (၁) နာရီ (၂၈) မိနစ်အချိန်ခန့်က ဂျက်ဖိုက်တာဖြင့် (၅) ကြိမ်ထက်မနည်း လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် နေ့လယ် (၂) နာရီ ကျော်ခန့်၌လည်း ရန်သူ့နေဗီသင်္ဘောသည် လက်နက်ကြီးဖြင့် (၅) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ရမ်း‌ဗြဲ၊ သိမ်တောင်ကုန်းဘုရားထက်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ယနေ့၊ နံနက် (၉) နာရီအချိန်ခန့်ကပင် ညနေ (၅) နာရီ (၄၀) မိနစ် အချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်ဟု​ ဆိုသည်။

၎င်းပြင် စစ်ကောင်စီသည် ဖေဖော်ဝါရီ ၇ ရက် နံနက် (၁၀) နာရီ (၅၀) မိနစ်အချိန်ကလည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ စွန်ပန်းချိုင် သဲတန်းကျေးရွာမှ အသက် (၄၀) အရွယ်ဒေသခံအမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းသူသည်  ကျောက်ဖြူမြို့၌ စာမေးပွဲသွားရောက်ဖြေဆိုသော ကျောင်းသားများအား ဟွန်ဒါ စက်လှေဖြင့် သွားကြိုရန် ကျောက်ဖြူမြို့၊ ပြည်သာယာစျေးဖောင်တော်အောက်တွင် စောင့်နေစဉ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသည် အဆိုပါအပြစ်မဲ့ဒေသခံအမျိုးသားအား သူ၏ စက်လှေနှင့်အတူ ကျောက်ဖြူမြို့၊ င/လပွိချောင်းသို့ မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အား ဖမ်းဆီးခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိသောကြောင့် အဖမ်းဆီးခံပြည်သူအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိသည်။

ဆက်စပ် သတင်းများ