စစ်တွေမြို့ မြောက်ဘက် မိုင် ၂၁ ခန့် အကွာတွင်တည်ရှိသည့်စစ်ကောင်စီ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမ၇ (၅၅၀)တပ်ရင်းတွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချလိုသည့် နယ်မြေခံတပ်သားများအုပ်စုနှင့် လက်နက်မချလိုသည့် တပ်မ (၂၂) တပ်သားများအုပ်စု၊ နှစ်ခုကွဲနေသည်ဟုတပ်တွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်အရ သိ၇သည်။
ဒေသအတွင်းက သတင်းရင်းမြစ်တစ်ဦးက “ နယ်မြေခံတပ်တွေမှာမိသားစုတွေများတယ်။ ပြီးရင် ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနေတဲ့ မိသားစုတွေလည်းပိုများတယ်လေ။ တကယ်လို့ အေအေကတိုက်ရင် မိသားစုတွေ အကုန်ထိခိုက်နိုင်တယ်ဆိုတော့ သူတို့ကလက်နက် ချချင်နေကြတယ်။ တပ်ထဲက မိသားစုတွေ ပြောပြသလောက် အဲသလိုမျိုး သိ၇ပါတယ်” ဟု ပြောသည်။
သို့သော် တပ်မ (၂၂) က တပ်သား ၁၀၀ ခန့်က လက်နက်မချလိုကြဟု၎င်းက ပြောသည်။
၎င်းတို့သည် ၇သေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့ ကားလမ်းပေါ် စစ်စခန်းများမှ စခန်းစွန့်ခွာလာကြသည့် တပ်မ(၂၂) လက်အောက်ခံ စစ်သားများဖြစ်ပြီး ခမ၇ (၅၅၀) တွင် ပူးပေါင်းထားခြင်း ဖြစ်သည်ဟု သိ၇သည်။
“ ပြီးတော့တပ်ရင်း ၅၅၀ မှာက command နှစ်ခု ဖြစ်နေတယ်လို့ သိ၇ပါတယ်။ ၅၅၀က အနောက်ပိုင်းတိုင်းလက်အောက်ခံ၊ နောက်တပ်ဖွဲ့ တစ်ခုက တပ်မ (၂၂) လက်အောက်ခံ ဖြစ်နေတယ်လို့ သိရတယ်။ ခုလို ဖြစ်နေတဲ့အတွက် တပ်တော်က တိုက်ရင် သိပ်ကြာကြာမခံနိုင်ဘူးလို့လည်း ခန့်မှန်းထားကြပါတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းအခြေစိုက် ခမ၇ (၅၅၀)ကို ရက္ခိုင့်တပ်တော်က နေရာစုံပတ်ပတ်လည်ကဝိုင်းထားသော်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မရှိသေးဟု သိ၇သည်။
ရက္ခိုင့်တပ်တော်သည် ပုဏ္ဏားကျွန်းမြို့ထက် အခြေစိုက် တပ်ရင်းများပြားသည့် ပလက်၀၊ ကျောက်တော်၊ မင်းပြား၊မြောက်ဦးမြို့များကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် (၅၅၀) အနေဖြင့်လည်း ရေရှည်တောင့်ခံနိုင်ရန် မလွယ်ကူဟုစစ်ရေးသုံးသပ်သူများက ပြောဆိုသည်။
နောက်ဆုံး ရရှိသော သတင်းအရ မြောက်ဦးမြို့တွင် တစ်ခုတည်းသာကျန်ရှိတော့သည်ရဲတပ်ရင်း အမှတ် (၃၁)ကိုလည်း ရက္ခိုင့်တပ်တော်က လက်နက်ချရန်နှင့် လက်နက်မချက ဝင်ရောက်တိုက်ခိုက်မည် ဖြစ်ကြောင်း ရာဇသံပေးထားသည်ဟု သိ၇သည်။