တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

သံတွဲ ရွှေလှေရဲစခန်းတွင် စစ်သားများတပ်ပြန်စွဲပြီး လမ်းသွားလမ်းလာ ဒေသခံများကို စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသော သံတွဲမြို့နယ်၊ ရွှေလှေနယ်မြေရဲစခန်းကို စစ်သားများ ပြန်တပ်စွဲပြီး ဒေသခံလမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၄ နာရီလောက်က ရွှေလှေနယ်မြေရဲစခန်းသို့ စစ်အင်အား (၃၀)ခန့်က ဝင်ရောက်နေရာယူပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ခုညနေလေးနာရီလောက်ကပဲ ရဲစခန်းထဲမှာ နေရာဝင်ယူနေကြတာ။ စခန်းအရှေ့မှာလည်း ဆိုင်ကယ်တွေ စစ်နေတယ်။ စစ်သား(၃၀)ဝန်းကျင်ရှိတယ်။ ဖုန်းတွေလည်း စစ်တယ်" ဟု ရွှေလှေဒေသခံတစ်ဦးက ပြောသည်။

ရွှေလှေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နောက်ပိုင်းတွင် စခန်းစွန့်ခွာပြီး မြို့ပေါ်ရဲစခန်းများသို့ပူးပေါင်းသွားခြင်းဖြစ်ကြောင်းသိရသည်။

ယခုရောက်ရှိလာသည့်စစ်သားများမှာ ရွှေလှေနယ်မြေရဲစခန်းတွင် အနည်းဆုံး ရက်သတ္တ နှစ်ပတ်ခန့်ထိတပ်စွဲနေထိုင်မည်ဟု သတင်းထွက်နေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

" သူတို့(စစ်သားတွေ) အခုအကြိမ်က ဆယ့်လေးငါးရက်လောက်ကြာမယ်လို့ သတင်းထွက်နေတယ်ဗျ။ ရဲစခန်းကရဲတွေက စခန်းစွန့်ပြီးမြို့ပေါ် တက်ပြေးသွားတာကြာပြီ။ အခုစစ်သားတွေ ပြန်ရောက် နေပြန်ပြီ။ အရပ်သားတွေကို ဘာတွေဒုက္ခပေးအုံးမလဲ မသိဘူး" ဟု ရွှေလှေဒေသခံ တစ်ဦးကပြောသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း ကြီးကြီးမားမား မရှိသေးသော်လည်း စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြင့်ထားကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ