တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မင်းနေမြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်လိုက်ပြီ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

(ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မြုပ်ပြီး ရေပြင်တိုက်ပွဲတွင်ပထမဆုံးအောင်ပွဲဆင် )

ရခိုင်ရှေးဟောင်းမင်းနေမြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၈ ရက် နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကာ ရေပြင်တိုက်ပွဲတွင်လည်း စစ်ကောင်စီ ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မြုပ်ပစ်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွက် ရက္ခိုင်ပြည်၊ မြောက်ဦးရှိ စစ်ကောင်စီ၏ လက်ကျန် တစ်ခုတည်းဖြစ်သော ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သော “ရဲတပ်ရင်း (၃၁)” အား ရက္ခိုင့်တပ်‌တော်မှ အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့သည်”ဟု ဖော်ပြထားသည်။

မြောက်ဦးမြို့တွင် ခမရ (၅၄၀)၊ (၃၇၇) နှင့် ၃၇၈ တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်းတစ်ခုတို့ တည်ရှိရာ ၎င်းစစ်ကောင်စီတပ်ရင်းများအားလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သဖြင့် မြောက်ဦးမြို့သည် ရက္ခိုင့်တပ်တော် လက်ထဲ အပြီးသတ် ကျရောက်သွားခဲ့ပြီဖြစ်သည်။ 

၎င်းပြင် ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မြစ်အတွင်း တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့်အပြင်  အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက် ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။။ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း၊  စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း  အလားတူပင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း (၃) စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သော နေ့လည်းဖြစ်သည်။ ဤပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာ ထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

ဆက်လက်ပြီး ရခိုင်တိုက်ပွဲများသတင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်ယခုလို ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီသည် နေဗီစစ်သင်္ဘောဖြင့် ယနေ့တစ်ရက်တည်း၌ (၂၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း နံနက် (၇) နာရီ (၂၀) မိနစ်အချိန်မှစ၍ နေ့လယ် (၂) နာရီ (၃၂) မိနစ်အချိန်ထိ ရမ်းဗြဲမြို့၊ အမှတ် (၅) လောင်းချောင်းဘက်သို့ လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့၊ ညအချိန်တွင်လည်း ရန်သူသည် ဂျက်ဖိုက်တာများဖြင့် ရမ်းဗြဲပတ်ဝန်းကျင်အား လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ရက္ခိုင့်တပ်တော်မှ ယနေ့၊ နံနက် (၇) နာရီအချိန်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၎င်းစခန်းသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်‌တော် စစ်ဆင်ရေး စတင်ဖော်ဆောင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) / (၁၄) ရက်နေ့များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသော ဒုံးပိုက်နှင့် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းများအနီး၌တည်ရှိသည့် စခန်းတစ်ခုဖြစ်သည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ လေကြောင်းပစ်ကူများဖြင့်လည်းကောင်း အသည်းအထန် ခုခံကာကွယ်လျက်ရှိသည်။

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းအား ယနေ့၊ ညနေ (၃) နာရီကျော်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်  ညနေ (၄) နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ကျော်ခန့်သည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေကျေးရွာအတွင်းသို့ လက်နက်အင်အား အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာမှ သက်ကြီးပိုင်းဒေသခံအမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ (၄) ဦးတို့အား မတရားအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၄၄) တပ်ရင်း” မှ ယမန်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့်အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

၎င်းလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ကွမ်းတောင်ကျေးရွာ၏ လမ်းမထက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ သုံးဘီးမောင်းနေသည့် အပြစ်မဲ့ဒေသခံအမျိုးသား (၁) ဦး၏ ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် နေ့လယ် (၁) နာရီဝန်းကျင်ကလည်း အဆိုပါအကြမ်းဖက်တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ နွားရုံတန်း (အိုင်ဒင်) ကျေးရွာသို့လည်း လက်နက်ကြီးများဖြင့် (၄) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူလူထု အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအား ဦးတည်ပစ်မှတ်ထားသည့် အကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် နေရာအများအပြားတွင် အဖြစ်များလာလျက်ရှိသည်။ ဤသို့သော စစ်ကောင်စီ၏ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူလူထုအား တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများသည် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှု ဗြောင်ကျကျကျူးလွန်နေခြင်းပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်၏ နိဂုံးတွင် ဖော်ပြထားသည်။

 

----

ဆက်စပ် သတင်းများ