ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦးမိုင်းနင်းပြီး ခြေထောက်ပြတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာမှ ဒေသခံတစ်ဦးသည် မိုင်းနင်းမိပြီး ခြေထောက် တစ်ဘက်ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

၎င်းသူမှာ ပြိုင်းစေ့ကေကျေးရွာမှ ဦးမောင်လှရီ (၄၅)နှစ် ဖြစ်ကြောင်း  သိရသည်။

၎င်းသူသည် ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်၊ မနက်ပိုင်းကပင် စစ်တပ်တပ်စွဲခဲ့သည့် ပြိုင်းစေ့ကေရွာအနီးမှ ဂြင်းတပ်တောင်သို့ နွားလန်ရန်သွားပြီး အိမ်ပြန်မရောက်သည့် ယောက္ခမဖြစ်သူ ဦးမောင်ဘ အား လိုက်လံရှာဖွေရာ ညနေ ၄ နာရီခွဲလောက်တွင်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

" သူ့ရဲ့ယောက္ခမက မနက် ခုနစ်နာရီလောက်ကပဲ ပြိုင်းစေ့ကေနားက ဂြင်းတပ်တောင်ဘက်ကို နွားလန်ဖို့သွားတာ။ အဲဒီနောက်ပိုင်းအိမ်ကိုလည်း ပြန်မရောက်လာတဲ့ ယောက္ခမကို စိတ်မချလို့ လိုက်ရှာတာမှာ သူကမိုင်းနင်းမိတယ်။ ဘယ်ဖက်ခြေထောက်ပြတ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့်ဂြင်းတပ်တောင်တွင် ပြီးခဲ့သည့်သုံးရက်ခန့်လောက်က စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ခဲဲ့၍ မိုင်းများထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

" ဂြင်းတပ်တောင်မှာ ရှေ့သုံးလေးရက်က စစ်တပ်ကတပ်စွဲခဲ့တယ်။ အဲဒါမိုင်းတွေ ထောင်ထားခဲ့တာ ဖြစ်မယ်။ ခြေထောက်ပြတ်သွားတဲ့လူကတော့မနေ့ကပဲ ဇင်ချောင်းဆေးရုံကိုပို့ထားပြီးပြီ။ ယောက္ခမဖြစ်သူကတော့အခုထိရှာလို့မတွေ့သေးဘူး" ဟု နိရဥ္စရာသို့ပြောသည်။

စစ်ကောင်စီသည် စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်လေ့ရှိပြီး မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများအနီး၌သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများရှိရာနေရာများ အပါအဝင် အများပြည်သူသွားလာရာနေရာများ၌ပါ ထောင်တတ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဤကဲ့သို့သော စွန့်လွှတ်မိုင်းများနှင့်ပတ်သက်သည့် ယုတ်မာသောလုပ်ရပ်ကို စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့၌ ဆယ်စုနှစ်ပေါင်းများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

အရပ်သားပြည်သူလူထုများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခတ်နေသည့်နေရာများကို မလွဲမရှောင်သာ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန်နှင့် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း အထူးသတိပေးထုတ်ပြန်ထားသည်။(NN-23)

 

ဆက်စပ် သတင်းများ