တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကိုးတန်ကောက်စခန်းမှ နယ်ခြားစောင့် ၅၀ ကျော်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ရက္ခိုင့်တပ်တော် (AA) သည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ကျော်ကို အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိသည်ဟု သတင်းရင်းမြစ်တစ်ခု အရ သိရသည်။

“ စုစုပေါင်း ၅၃ ယောက် အရှင်ဖမ်းမိပါတယ်။ က လက်နက်ကတော့ ၁၀၀ ကျော် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

မျက်မြင်ဒေသခံတစ်ဦးကလည်း ဖမ်းဆီးမိသည့် နယ်ခြားစောင့်တပ်သားများကို ၎င်းတို့ရွာက ဖြတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည်ဟု ပြောဆိုသည်။

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက် နယ်ခြားစောင့် စခန်း” အား ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၉ ရက်)  နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ စခန်းတစ်ခုလုံးအား အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ကိုးတန်ကောက်ကျေးရွာမြောက်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသည့်  အငူမော်- မောင်တောကားလမ်းပေါ်ရှိ မောင်တောမြို့နယ် အင်းဒင်နယ်ခြားစောင့်စခန်းအား ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးဖြင့် လှမ်းပစ်၍ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသအတွင်းက သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လက်ရှိတွင် အင်းဒင်နယ်ခြားစောင့် စခန်းအနီး စစ်ကောင်စီလေယာဉ်ဝဲပျံနေသည်ကို မြင်တွေ့ရကြောင်း ပြောဆိုပြီး ၎င်းသတင်းရင်းမြစ်နှင့် နောက်ထပ် အဆက်အသွယ် မရရှိတော့ပါ။   အင်းဒင်နယ်ခြားစောင့်စခန်းအခြေအနေနှင့် ပတ်သက်ပြီး သတင်းများ ရရှိပါက ဆက်လက်တင်ပြပေးပါမည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!