တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်က ဘုရားအများအပြား စစ်ကောင်စီကင်းစင်သည့် သာသနိကနယ်မြေများဖြစ်သွားပြီ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်မှ စစ်ကောင်စီတပ်ရင်းဌာနချုပ်အများအပြားကို ရက္ခိုင့်တပ်တော် ( AA) က တိုက်ထုတ် လိုက်ပြီဖြစ်သဖြင့် ရခိုင်ပြည်က တန်ခိုကြီး ဘုရားအများအပြားမှာ စစ်ကောင်စီတပ်များကင်းရှင်းသည့် သာသနာ့နယ်မြေများဖြစ်သွားပြီဟု ဒေသခံများက ပြောကြားသည်။

လက်ရှိ စစ်ကောင်စီ လက်အောက်မှ ကင်းလွတ်သွားသည့် ဘုရားများစေတီများမှာ  မင်းပြားမြို့မှ ကျိန်းတောင်၊ မင်းပြား မြို့နယ် ပန်းမြောင်းကျေးရွာမှ အောင်မင်္ဂလာတောင်၊ မြောက်ဦးမြို့ ပေါ်မှ ဘုရားအများအပြားနှင့် မြောက်ဦးနယ်မှ သင်းကျစ်တောင်ဘုရား၊ ကျောက်တော်မြို့နယ်မှ သမိုင်းဝင် မဟာမုနိဘုရား၊ ကျောက်တော်တောင်ဘုရား၊ ဘူးသီးတောင်မှ သုံးဆယ့်တစ်ဘုံဘုရား၊ ရသေ့တောင်မြို့နယ် စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်လမ်း ကုန်းပေါ်မှ စေတီတောင်ဘုရား၊ ပလက်၀မြို့နယ်မှ သမိုင်းဝင် ဥသလင်းတောင် စေတီဘုရားများဖြစ်ကြသည်။

၎င်းဘုရားများတွင် စစ်ကောင်စီတပ်သည် ကတုတ်ကျင်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ အခိုင်အမာတည်ဆောက်ပြီး နှစ်ရှည်လများတပ်စွဲ နေရာယူထားခဲ့သဖြင့် ပြည်သူများ ဘုရားဖူးခွင့်များ ဆုံးရှုံးခဲ့ကြရသည်။

ဒေသခံတစ်ဦးက “ ကျောက်တော်မြို့ မဟာမုနိမှာရော၊ ကျောက်တော်တောင်မှာ အခုဘုရားဖူးရတာ လွတ်လပ်သွားပါပြီ။ ဒါပေမယ့် နယ်မြေ အခြေအနေ မကောင်းသေးတဲ့အတွက် ဘုရားဖူးတွေကတော့ အလာနည်းနေပါတယ်” ဟု ပြောကြားသည်။ 


မြန်မာစစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦ များတွင် တပ်မစွဲရဟု သဘောတူညီထားသည့် ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ခဲ့သည်သာမက ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) တွင် ပါဝင်သည့် ဆေးရုံများ၊ ဘုရားများ၊  ဗလီများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ အထွက်အမြတ် ထားသောနေရာများ ၊ စာသင်ကျောင်းများ ၊ပြတိုက်များ၊ အမျိုးသား အထိမ်းအမှတ် များနှင့် အခြားသော သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို မတိုက်ခိုက်ရ ဆိုသည့် စည်းမျဉ်းများကို လုံး၀ လိုက်နာခြင်း မရှိဘဲ ရခိုင်တွင် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်မှုပြုလုပ်သဖြင့် မြောက်ဦးမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်မှာ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့နယ် ရိုးရဲပြင်ကျောင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးခဲ့ရသည်။

၎င်းပြင် စစ်ကောင်စီတပ်မှ လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရေတပ်စစ်ရေယာဉ်များမှ ပစ်ခတ်ခြင်း များကြောင့် မင်းပြားမြို့မှ နှစ်ပေါင်း သက်တမ်း ၁၀၀ ရှိ ရေတံခွန် သိင်္ဂုတ္တရကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာလည်း တစ်စစီ ပြိုကျပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

ပုံစာ- ကျောက်တော်မြို့ မဟာမုနိဘုရားနှင့်  ပြိုပျက်သွား မင်းပြားရေတံခွန် သိင်္ဂုတ္တရကျောင်းတိုက်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!