တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေသို့ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်တစ်ဦးနှင့် ရခိုင်ဝန်ကြီးအများအပြားရောက်ရှိနေပြီး ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးလျက်ရှိဟုဆို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 10.3k

ရခိုင်ပြည်မြို့တော် စစ်တွေသို့ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်လူမျိုးတစ်ဦးနှင့် ရခိုင်ဝန်ကြီးအများအပြား ရောက်ရှိနေပြီး ရခိုင် ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရန်အတွက်တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

ရောက်ရှိနေသူများမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊  စစ်ကောင်စီ အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် စစ်တွေမြို့ရှိ  နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ဆရာတော် ပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ် မြတ်အားဖူးမျှော်ကာ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ၏ အခြေအနေ ၊ ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အခြေအနေများကို လျှောက်ထားကြခဲ့ကြသည်ဟု ဆိုသည်။ 

စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်၊ ရွှေစေတီ ကျောင်းတိုက်များသို့သွားရောက်ကာ ဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေများကို လျှောက်ထားကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် ရခိုင်ပြည်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။

ထိုသို့တွေ့ဆုံရာတွင်  စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရန်ကြေညာထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများဒုက္ခရောက်လျက်ရှိနေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများကို တွေ့ဆုံလျက်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တိုင်းရင်းသားများ၏ အခွင့်အရေး များခံစားခွင့်ရရှိနိုင်ရေးနှင့် ငြိမ်းချမ်း ရေး ပြန်လည်ရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားများ၏ အခွင့် အရေးများကို ဆောင်ရွက်နိုင်ရန် အတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများကို တာဝန် ပေးအပ်ဆောင်ရွက်နေမှု၊ တိုင်းရင်း သားမျိုးနွယ်စုများအတွက် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်ဟု ၎င်းသတင်းတွင် ဖော်ပြသည်။

၎င်းစစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် အဖွဲ့ စစ်တွေသို့ ရောက်ရှိနေချိန်သည် ပလက်၀ ဒေသတစ်ခုလုံးနှင့်  ရခိုင်ပြည်က အဓိကမြို့ ၄ မြို့ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပေါက်တောတို့ကို ရက္ခိုင့်တပ်တော်က တိုက်ခိုက် သိမ်းပိုက်ထားပြီး တိုက်ပွဲများ ပြင်းထန်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

၎င်းစစ်ကောင်စီ အဖွဲ့နှင့် တွေ့ဆုံပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များက ရခိုင်ပြည်တွင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းများကို ပိတ်ဆို့ထားသဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ