တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် တောင်ကုတ်မြို့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ စာရင်းလိုက်ကောက်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 12.7k

စစ်ကောင်စီက ယမန်နေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြေညာခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့၌  တောင်ကုတ်တွင် အိမ်ထောင်စုစာရင်းလိုက်ကောက်နေရာ အသက် ၁၈ နှစ်ပြည့်ပြီးသူဦးရေကို အဓိကစာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။

ယနေ့ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၁၀ နာရီလောက်က တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် သိမ်တောင်ရပ်ကွက်ကို အိမ်ထောင်စုစာရင်းလာကောက်နေပြီး အိမ်ထောင်စုစာရင်းထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူ ဦးရေကိုအဓိကစာရင်းကောက်ယူနေကြောင်း မြို့ခံများကပြောသည်။

တောင်ကုတ်မြို့သိမ်တောင်ရပ်ကွက်မှအမျိုးသမီးငယ်တစ်ဦးက" အခုလေးတင် အိမ်ထောင်စု စာရင်း လာကောက်ကြတယ်။ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်သူတွေလဲတော့ မသိဘူး။ ထွေအုပ်က ဖြစ်မယ်ထင်တယ်။ အိမ်ထောင်စုစာရင်းထဲက အသက်(၁၈)နှစ်ပြည့်ပြီးသူတွေကို အဓိက စာရင်းယူသွားတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယနေ့အိမ်ထောင်စုစာရင်းလာကောက်သူများတွင် အရပ်ဝတ်များဖြင့်အမျိုးသားများ ၅ ဦးပါရှိကြောင်းသိရသည်။

" အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်ဌာနတွေကဆိုတာမသိနိုင်ဘူး။ လူလေးငါးယောက်ပါတယ်" ဟု ပြောသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့် ခေါ်ခွင့်ရှိသည်ဟုဆိုကာ အာဏာကို စတင်ကျင့်သုံးကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည် စသဖြင့် အချက်အလက်အများအပြားကို ၎င်း ဥပဒေတွင် ပြဌာန်ထားသည်။

ထို့ပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၂ နှစ်မှ  ၅ နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟု ၎င်းစစ်ကောင်စီ ဥပဒေက ဆိုသည်။

ပြည်သူလူထုနှင့် လူသားမျိုးနွယ်အပေါ် အစဥ်အဆက်ဆက်က ယုတ်မာကောက်ကျစ်ရက်စက်ပြီး စစ်ရာဇဝတ်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လာခဲ့သည့် စစ်အာဏာရှင်၏အလိုကျ စစ်မှုမထမ်းလိုကြောင်း ရခိုင်လူငယ်များကပြောဆိုနေကြသည်။

မလွဲမရှောင်သာ စစ်မှုထမ်းရမည်ဆိုပါကလည်း အာဏာရှင်ကိုတော်လှန်နေသည့် ရက္ခိုင့်တပ်တော်(AA )ထံတွင်သာ အမှုထမ်းခွင့်ရလိုကြောင်းလည်း တောင်ကုတ်မြို့ခံ အမျိုးသမီးငယ် တစ်ဦးကပြောသည်။

" မဖြစ်မနေဝင်ရမယ်ဆိုလို့ရှိရင် ဝင်အတူတူ ကိုယ့်ရက္ခိုင့်တပ်တော်ထဲသာဝင်လိုက်ချင်တယ်။ အကြမ်းဖက်စစ်တပ်ထဲမဝင်ချင်ဘူး" ဟု ပြောသည်။(NN-23)

ဆက်စပ် သတင်းများ