(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ မြန်မာအကျပ်အတည်းကိုဆွေးနွေး)
မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့မြန်မာ စစ်သားများထွက်ပြေးဝင်ရောက်လာမှု ဖြစ်ပွားနေစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ် ခြံစည်းရိုးကာရန်မှုပြုလုပ်ရန်အစီအစဉ် ရှိမရှိ မေးမြန်းမှုကို လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်ကပြောကြားလိုက်သည်။
နယူးဒေလီမြို့သို့ရောက်ရှိနေစဉ် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာ နှင့်အမျိုးသားလုံခြုံရေး အကြံပေးအာဂျစ်ဒိုဗယ်တို့နှင့် တွေ့ဆုံဆွေးနွေးအပြီးတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် (၂၇၁)ကီလိုမီတာ ( ၁၆၈ မိုင်) နယ်မြေချင်းထိစပ်နေပြီး၎င်းတို့အနက် လေးပုံတစ်ပုံမှာ မြစ်ကြောင်းတစ်လျှောက်ဖြစ်နေသည်။ အိန္ဒိယနိုင်ငံအဖို့ မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရန်သည်မှာလက်တွေ့ဖြစ်နိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်အဖို့ မဖြစ်နိုင်ဟုဆိုသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊အမျိုးသားလုံခြုံရေးအကြံပေးတို့နှင့် တွေ့ဆုံစဉ်မြန်မာနိုင်ငံ အကျပ်အတည်းကိုလက်တွေ့ပူးပေါင်းအဖြေရှာကြရန် ဆွေးနွေးခဲ့သော်လည်းဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်ခြံစည်းရိုးကာရေးကိုမူ အစီအစဉ်မရှိသေးဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဟာဆန်မာမွတ်အား အဆိုပါကိစ္စနှင့်ပတ်သက်ပြီးသတင်းထောက်များက မေးမြန်းကြရာ မာမွတ်က ပြီးခဲ့သည့်အပတ်များအတွင်းမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်ရာနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲထွက်ပြေးဝင်ရောက်လာကြောင်း၊ အိန္ဒိယအစိုးရက မြန်မာနယ်စပ်တွင်ခြံစည်းရိုးကာရန် စီစဉ်နေခြင်းမှာ လက်တွေ့ကျသော်လည်း ဘင်္ဂလားဒေ့ရှ် အနေဖြင့်မူထိရောက်မှု ရှိမည်မထင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာကြား ခြံစည်းရိုးကာလျှင် အချိန်နှင့်ငွေကြေးအမြောက်အများ ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ခြံစည်းရိုး ကာခဲ့လျှင်တောင်အနည်းဆုံး သုံးနှစ်ကြာမည်ဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရာတွင် အကျိုးရှိမည် မထင်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင်ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ထိုမျှအထိ ငွေကုန်ကြေးကျ မခံနိုင်ကြောင်း၊အခြားအချက်တစ်ခုမှာ ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာကြား နယ်နမိတ်ထိစပ်မှု(၁၆၈) မိုင်ရှိသည့်အနက် လေးပုံတစ်ပုံမှာ မြစ်ကြောင်းအတိုင်းဖြစ်နေကြောင်း၊ နယ်ခြားဖြစ်နေသော နတ်မြစ်ကို ခြံစည်းရိုးကာရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အခြားအချက်တစ်ချက်အနေဖြင့်ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှထွက်ပြေးလာသည့်မွတ်ဆလင်ဒုက္ခသည် အမြောက်အများကို ခိုလှုံခွင့်ပေးထားပြီးနိုင်ငံတကာမှ အလှူငွေများရရှိနေရာ ခြံစည်းရိုးကာလိုက်လျှင်နိုင်ငံတကာက အမြင်စောင်းသွားနိုင်ကြောင်း ပြောကြားသွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၏ပြောကြားချက်အရ ဖေဖော်ဝါရီလ(၃)ရက်မှစ၍ မြန်မာဘက်မှနယ်ခြားစောင့်ရဲများ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် စစ်သားစုစုပေါင်း ၃၃၀ဦးတို့သည် ဘင်္ဂလားဒေ့ရှ်နယ်မြေထဲသို့ ထွက်ပြေးဝင်ရောက်လာပြီးယခုတိုင် ခိုလုံလျှက်ရှိနေသည်ဟုသိရသည်။ နောက်ဆုံးရရှိသောသတင်းအရအဆိုပါထွက်ပြေးသွားသူများကို မြန်မာဘက်က စစ်သင်္ဘောတစ်စီးစေလွှတ်ပြီးခေါ်ယူရန် စီစဉ်နေသည်ဟုဆိုသည်။ NN-27
Ref:dhakatribune / Photo by Bangladesh Defense