စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၉ ဦးအား အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်သွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်မှ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုရင်ဆို့နှင့် ကိုဖိုးသီဟ အပါအဝင် နိုင်ငံရေးအကျဉ်းသား (၉) ဦးအား စစ်ကောင်စီတပ်မှ  သေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ထိုသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)  သတင်းနှင့် ပြန်ကြားရေးမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ရာတွင် မြောက်ဦးမြို့ အချုပ်ခန်းတွင် သတ်ဖြတ်ခံရသူများမှာ  (၁) လူမှုကွန်ယက်မှ ဟာသပို့စ်များဖြန့်ဝေသူ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့  (၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ  (၃) ဆီစက်ပိုင်ရှင် ကိုကျော်သိန်းလှိုင်  (၄) ကိုကျော်ဝင်းလှိုင်  (၅) ကိုကိုညွန့်  (၆) ကိုဝင်းနိုင်  (၇) ကိုပြည့်စုံဝင်း နှင့် မင်းပြားမြို့ အချုပ်ခန်းထဲတွင် သတ်ဖြတ်ခံရသူများမှာ (၈) ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် (၉) ဦးကျော်ညွန့် တို့ ဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် မတရား သဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော မြောက်ဦးမြို့နယ်မှ အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦးအား  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်အချိန်တွင်  မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲ၌ ရက်ရက်စက်စက် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်း များအား မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်း ဖျောက်ဖျက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ 

ထို့အပြင် မင်းပြားအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ ဝင်များသည်လည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ ၎င်းတို့ မတရားဖမ်းဆီး ချုပ်နှောင်ထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း နှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ (၂) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် ခမရ (၃၇၉) အချုပ်ခန်းထဲ၌ မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။


သေဆုံးသူများအထဲမှ ကိုကျော်ဇံဝေ(ခ)ရင်ဆို့သည် သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဟာသများနှင့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို မျှဝေလေ့ရှိသူတစ်ဦးဖြစ်ပြီး သူသီဆိုထားသည့် Exodus အမည်ရှိ တေးသီချင်းတစ်ပုဒ်မှာလည်း လူကြိုက်များကြောင်း သိရသည်။

ကိုဖိုးသီဟမှာလည်း DVB သတင်းဌာနနှင့် တစ်ခြား သတင်းဌာနများတွင် သတင်းထောက်လုပ်ကိုင်ဖူးသူ တစ်ဦးဖြစ်သည်။

အသတ်ခံရသူများသည် နိုင်ငံရေးပုဒ်မများဖြစ်သည့်  နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) (ခ)တို့ ဖြင့် စွဲချက်တင် အမှုရင်ဆိုင်နေကြရသူများဖြစ်သည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်သော အလားတူ လုပ်ရပ်ပေါင်းမြောက်မြားစွာကို ရက္ခိုင်နှင့် ပလက်ဝဒေသတွင်သာမက မြန်မာနိုင်ငံအနှံ့ ၌ စစ်ကောင်စီက ဗြောင်ကျကျ ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသောကာယကံရှင် နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်ဟုလည်း AA က ကတိပြုပြောဆိုထားသည်။

ရက္ခိုင် နှင့် ပလက်ဝ စစ်မျက်နှာများတွင် စစ်စခန်း တစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံး နေသော စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများနေသော မြို့၊ ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဓားစာခံများအဖြစ်အသုံးပြုကာ လူသားဒိုင်းကာ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သားများအား သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အထဲတွင် ဆက်လက်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ