အင်္ဂါ၊ ဇူလိုင်လ ၂၃ရက်၊ ၂၀၂၄

မြေပုံမြို့ပေါ်မှ စစ်တပ်နှင့်ရဲ မြို့ကို စွန့်ခွာသွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်၊ မြေပုံမြို့ပေါ်မှ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် အစောကြီးညအချိန်က စခန်းကို စွန့်ခွာသွားကြပြီဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

“ ဒီနေ့ နံနက် အစောကြီး ညဉ့် ၁ နာရီလောက်မှာ စခန်းစွန့်ပြီး ထွက်ပြေးသွားကြတာပါ။ အင်အားတော့ အတိအကျမသိဘူး။  ၁၀၀ အထက်ရှိနိုင်ပါတယ်” ဟု ပြောကြားသည်။

၎င်းစစ်သားနှင့်ရဲသားများကို ရေတပ်စစ်ရေယာဉ်ဖြင့် တင်ယူခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကျောက်ဖြူမြို့သို့ ခေါ်ယူသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကျောက်ဖြူ ဒေသခံတစ်ဦးက “  အခုမိုးလင်း မနက် ၆ နာရီလောက်မှာထပ်ပြီးတော့ AB03 ဆိုပြီး အကောင်ကြီးကြီး ကုန်တင်သင်္ဘောကြီး တစ်စီး ထပ်ဝင်လာတယ်။  အဓိကသိရတာကတော့ ညဥ့်ခါက မြေပုံမြို့နယ်က တပ်တွေဆုတ်တယ်လို့သိရတယ်။ ဆုတ်တဲ့အတွက် အဲဒီစစ်တပ်တွေကိုတင်ပြီးတော့ ကျောက်ဖြူကို လာပို့တာပေါ့လေ။ ကျောက်ဖြူတပ်ရင်းစခန်းတွေကို လာပို့တယ်။ သင်္ဘောတွေက လာပို့တယ်။ ထွက်သွားတယ်။ပြန်ယူလာပြီးပို့တယ်။ ကျောက်ဖြူ ကနေလို့မှ သံတွဲဘက်ကို နောက်ထပ်စစ်ရေယာဉ်နဲ့ ပို့မယ့်ပုံစံပဲ”ဟု ပြောကြားသည်။

ယနေ့ နံနက်က ကျောက်ဖြူမြို့က နေဗီ အမှတ် ( ၅၇၀) တစ်စီးထပ်ထွက်ခွာသွားသော်လည်း ၎င်းနေဗီနှင့် ပါသွား/မပါသွားဆိုသည်ကို မသိရဟု ပြောဆိုသည်။ ကျောက်ဖြူတွင် ယခုရက်ပိုင်း နေဗီများ အထွက်အဝင်များနေကြောင်း သိရသည်။ 

တစ်ခြား ကျောက်ဖြူ ဒေသခံတစ်ဦးကို ဆက်သွယ်ရာ ကျောက်ဖြူကို ယူလာပြီး ကျောက်ဖြူမှ သံတွဲဘက်သို့ နေဗီဖြင့် ၎င်းစစ်သား ရဲသားများကို ဆက်လက်ယူဆောင်သွားကြောင်း ပြောဆိုသည်။

မြေပုံမြို့အနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ရေးတင်းမာလာပြီးနောက် ထိုသို့ စခန်းစွန့်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။  

ဆက်စပ် သတင်းများ