- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့မှ ၇ မိုင် အကွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်ကစတင်ပြီး ကျောက်ဖြူရဲတပ်ရင်း (၃၂) ရှိရာ ဒိုးတန်းတောင်ခြေရင်းတွင် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
" ဒိုးတန်းတောင်ခြေရင်း ကုလဘာအုပ်စုဘက်မှာ ဖြစ်နေတာ။ မနက် ရှစ်နာရီလောက်ကပဲ သေနတ် ပစ်သံတွေ၊ လက်နက်ကြီး ပစ်သံတွေကြားနေရတယ်။ အခုထိဆိုလက်နက်ကြီးပစ်တာ ၈ ချက်ရှိပြီ" ဟု ကျောက်ဖြူမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
နံနက် ၁၀ နာရီဝန်းကျင်ထိ လက်နက်ကြီး ပစ်ခတ်သံ ၈ ကြိမ်ထိရှိပြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း လည်းသူမကပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားရာ ကုလဘာအုပ်စု၊နပျိုးချောင်းရွာနှင့် အနီးအနားကျေးရွာများသို့ စစ်ကောင်စီတပ်က မကြာမကြာစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံကျေးရွာသားများကို ရက္ခိုင့်တပ်တော်နှင့်ပတ်သက်၍ ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ရာ နပျိုးချောင်းကျေးရွာအနီးဝန်းကျင်၌ မလကျွန်း၊ ပြင်ရှည်နှင့် လိပ်ခမော်ကျေးရွာများရှိပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ၍ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်းလည်းသိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မလကျွန်း၊ ပြင်ရှည်ရွာသစ်နှင့် ကျောက်ဖြူ တောင်ကြားရှိ ရေမျက်တွင် ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရေတပ်နှင့်ရဲတပ်ရင်းတို့မှလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ရာနေရာသို့ ဂုံးချွိန်အုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လူအင်အား ခြောက်ဆယ်လောက် စစ်ကူလိုက်သွားပြီး ၅၄၃ တပ်ရင်းနှင့် ဒိုးတန်းတောင်ရဲတန်းရင်းများက လက်နက်ကြီးပစ်ကူပေးနေသည်ဟု သိရသည်။ (NN-23)