သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

AA သိမ်းပိုက်ထားသည့် ကျောက်‌တော်မြို့နယ်မှ နေရာအချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.9k

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ပြီးနောက် ကျောက်တော်မြို့နယ်မှ နေရာအချို့ကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက်‌ နေ့ ည ၉နာရီခန့်က စစ်ကောင်စီက ရဟတ်ယာဉ်တစ်စီးဖြင့် ဗုံးလာချခဲ့သည်ဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်

" မနေ့ညက မြို့အနီးနားကို ဗုံးလာချတာမှန်တယ်။ ပိုက်သည်ရပ်ကွက် ဖက်မှာကျလို့ မွတ်ဆလင် ရွာသားတချို့သေတယ်။ တချို့ဒဏ်ရာရတယ်လို့ ကြားတယ်။ မနေ့က ဗုံးချတာမှာ တံတားကိုတော့ မထိခဲ့ပါဘူး" ဟုပြောသည်။

တံတားအား ဗုံးထိမှန်နေသည့်ပုံမှာ ယခင်တိုက်ပွဲအတွင်းက လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ပုံဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ခုကလည်း  နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကျောက်တော် တိုက်ပွဲကာလအတွင်းက တံတားဦး ပိန္နဲချောင်းမှာဖြစ်တုန်းက လက်နက်ကြီးကျည် ကျတာလို့ယူဆရတယ် ။ ကျောက်တော်မြို့ဖက်အခြမ်းမဟုတ်ဘူး။ ကျောက်တော်တောင်စေတီဖက် တံတား အရှေ့ဖက်ကအခြမ်းကလက်နက်ကြီးကျည်ကျတာပါ" ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်ကလည်း စစ်ကောင်စီဖက်မှစစ် ရဟတ်ယဥ်ဖြင့် အပေါက်ဝရွာ အနီးအနားဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"  လွန်ခဲ့တဲ့သုံးရက်လောက်က အပေါက်ဝရွာအနီးအနားကရွာတွေဖက်ကိုဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုဖြစ်စဉ် ရှိခဲ့တယ်။ဒဏ်ရရတဲ့ အရပ်သားတွေရှိခဲ့တယ်။ အသေအပျောက်တော့မရှိဘူး" ဟုပြောသည်။

ရခိုင်တပ်တော်မှသိမ်းပိုက်ထားသည့်မြို့များကိုလည်းစစ်ကောင်စီမှ ထပ်မံတိုက်ခိုက်လာနိုင်သည့် အတွက် ပြည်သူများအနေဖြင့် မြို့ပေါ်သို့ ပြန်မလာကြရန် ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" စစ်ကောင် စီက ထပ်ပြီး တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ထားတဲ့အတွက် အခုလက်ရှိ ရှောင်နေတဲ့ နေရာမှာပဲ နေကြပါလို့ပြောချင်ပါတယ်။ ရှေ့မှာလည်းသာဓကတွေ ရှိတယ်  ရမ်းဗြဲ၊ ပေါက်တောတို့၊ ပလက်ဝတို့ဆိုရင်လည်း တိုက်ပွဲပြီးသွားရင်လည်း စစ်ကောင်စီကဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ သူတို့က လမ်းကြုံရင်ကြုံသလို ပြည်သူတွေကို တိုက်ခိုက်နေတဲ့ အတွက် သတိထားဖို့တော့ လိုပါတယ်" ဟုပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က ဗုံးကြဲခံရသည့်ကျေးရွာများမှာ အပေါက်ဝ၊ ဒုက္ကန်ချောင်း၊  နေပူခံ၊ လမုတပင်၊ ကျောက်ဖြူရွာ စသည့်ကုလားတန်မြစ်တစ်လျှောက်ကျေးရွာများဖြစ်ကြောင်းသိရသည်။

ကျောက်တော်မြို့ရှိ နောက်ဆုံးလက်ကျန် ခမရ (၃၇၅) တပ်ရင်းနှင့် စကခ (၉) တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။

ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မြစ်အတွင်း တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့်အပြင်  အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက် ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။(NN-11) 

Photo- လူမှုကွန်ယက်

ဆက်စပ် သတင်းများ