တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတိုက်ပွဲ ညအချိန်ထိ ဆက်လက်ဖြစ်ပွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

(လက်နက်​ကြီးကျ၍ ကုလဘာရွာကနေအိမ်များ ထိမှန်ပျက်စီး)

ယနေ့ နံနက်ပိုင်းက စတင်ပြီး ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ယခု ညအချိန်ထိ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

" အခုလည်း တိုက်ပွဲပြန်စပြီး ပြန်ချနေကြတုန်းပဲ။ အနီးအနားကရွာတွေမှာလည်း လူတွေမရှိတော့ဘူး။ အကုန်ရှောင်ပြေးသွားကြပြီ" ဟု ည ၈ နာရီအချိန်ဆက်သွယ်မေးမြန်းရာ ကျောက်ဖြူမြို့နယ်မှ စစ်ရေး စောင့်ကြည့်နေသူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီခန့်ကစတင်ကာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာ ကုလဘာကျေးရွာအုပ်စုရှိ ၊ ငှက်ပျောချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၈ နာရီမှ နေ့လယ် တစ်နာရီထိ တကြိမ်၊ ညနေ ၄ နာရီမှ ၄ နာရီခွဲထိ တကြိမ် တိုက်ပွဲမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ယူဆောင်လာသည်ဟု ကြားသိထားရကြောင်း ကျောက်ဖြူမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

" စကစဖက်က လေးယောက်ထိခိုက် ဒဏ်ရာရသွားတယ်လို့ ကြားထားပါတယ်" ဟု သူမကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၅၄၃ ၊ ကျောက်တလုံးတောင်တန်းမှ အမြောက်တပ်၊ အမှတ်(၃၂) ဒိုးတန်း တောင်ရဲတပ်ရင်းနှင့် နေဗီစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျည်များမှာ ကုလဘာကျေးရွာမှနေအိမ်များကို ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

" ကုလဘာရွာကို လက်နက်ကြီးကျပါတယ်။ ရွာအဆုံးနားက အပိုင်းကိုကျတာပါ။ အိမ်တလုံးဆိုရင် အလုံးလိုက် ကျွတ်ပါသွားတယ်လို့ သိရတယ်။ လူတွေကတော့တိုက်ပွဲစဖြစ်ကတည်းက ရှောင်ပြေးကြလို့ ဒဏ်ရာရတာမရှိဘူးလို့သိရပါတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ရာ ငှက်ပျောချောင်းကျေးရွာအနီးဝန်းကျင်၌ မလကျွန်း၊ ပြင်ရှည်၊ရွာသစ်နှင့် လိပ်ခမော်၊ ကန်းဒီး၊ မင်းတက်တောင်ကျေးရွာများမှဒေသခံများမှာ ယနေ့မနက်ပိုင်းကပင် ဘေးလွတ်နိုင်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တပ်ရင်းများမှ စစ်ကူများဆက်တိုက် ပို့ဆောင်နေသောကြောင့် တိုက်ပွဲမှာ ညဥ့်အချိန်ပိုပြင်းထန်မည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ