တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ပလက်၀တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးအပါအဝင် စစ်သုံ့ပန်းတချို့ သေဆုံးဒဏ်ရာရရှိကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

(မောင်တော အောင်သပြေကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးကျဆုံး)

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်၀မြို့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍  စစ်သုံ့ပန်းတချို့ သေဆုံးဒဏ်ရာရရှိကြောင်း ညီနောင် ၃ဖွဲ့၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးကျဆုံးသွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေ (၄) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံ ထိန်းချုပ် ထားပြီဖြစ်သည့် ပလက်ဝမြို့အား စစ်ရှုံးစစ်ကောင်စီသည် အငြိုးအတေးထားကာ ဂျက်ဖိုက်တာ (၁) စီးဖြင့် (၂) ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း အသက် (၈) နှစ်အရွယ် အပြစ်မဲ့အရပ်သားကလေးငယ် (၁) ဦးအပါအဝင် ဒေသခံအရပ်သား (၂) ဦးတို့မှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဒေသခံအရပ်သားပြည်သူ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သုံ့ပန်းဥပဒေအရ ရက္ခိုင့်တပ်တော်၏ ထိန်းသိမ်းစောင့်ရှောက်မှု အောက်၌ ကျမ္မာရေးပြုစု စောင့်ရှောက်မှုများ ခံယူနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၍ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

၎င်းပြင် ရက္ခိုင်-ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီး၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် (၁၀) နာရီ (၁၀) မိနစ်အချိန်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၇) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊  အဆိုပါတိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ “ခမောင်းဆိပ်ဗျူဟာ” မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားရာ မင်းပြားမြို့တွင်လည်း  စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းဖြင့် အင်အားဖြည့်တင်း ကာ ပြန်လည်တိုက်ခိုက်မှုများ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ  ဆက်လက်ရှိနေခဲ့သည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများအားလည်း ဖေဖော်ဝါရီ ၁၁ ရက်  နံနက် (၁၀) နာရီ (၄၀) မိနစ်မှ (၁၁) နာရီ (၁၀) မိနစ် အချိန်ထိ ကလိန်တောင်မြစ် သလူချောင်းနှင့် ပြင်ချောင်းကြီး ချောင်းဝကြားတွင် ရပ်တန့်ထားသော စစ်ကောင်စီ၏ ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် (၇) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရား ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ၏တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဖေဖော်ဝါရီ ၁၁ ရက် နံနက် (၁၁) နာရီ (၅၀) မိနစ်၌လည်း ဘူးသီးတောင်မြို့နယ်၊ အင်းဖောက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်‌‌‌တော်နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြေပုံနှင့် အမ်းမြို့နယ်များအတွင်း၌လည်း စစ်ကောင်စီသည် ညနေပိုင်း၌ လေကြောင်းမှ လာရောက် တိုက်ခိုက်ခဲ့သည်။

ဆက်စပ် သတင်းများ