ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က မင်းပြားတွင် စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်နစ်မြုပ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.2k

( စစ်ကောင်စီက ဗုံးလာကြဲ၍ ရခိုင်တွင် အရပ်သား ၇ ဦးသေပြီး ၁၃ ဦးဒဏ်ရာရ၊ အိမ်တစ်လုံးမီးလောင်)

ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီ စစ်သင်္ဘောတစ်စီးကို ထပ်မံ တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဖေဖော်ဝါရီ၇ ရက်နှင့် ၈ ရက် နေ့များတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို မြစ်ထဲတွင် အပြတ်အသတ်ချေမှုန်း တိုက်ခိုက်နိုင်သကဲ့သို့  ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌လည်း မင်းပြားမြို့နယ်အတွင်း နောက်ထပ် စစ်သင်္ဘော (၁) စီး ကို ထပ်မံ၍ တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

ဒေသခံပြည်သူများ၏ ပြောပြချက်အရ ၎င်းစစ်သင်္ဘောကို မင်းပြားမြို့ အနောက်ဘက်  ကျားရှည်ပြင်ကျေးရွာအနီး မြစ်ထဲတွင် တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားသည့် မင်းပြားမြို့အား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုနေစဉ်အတွင်း ထပ်မံ၍ စစ်ရေယာဉ်တစ်စီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ညနေ ၃ နာရီကျော်ကလည်း  မင်းပြား-စွန်ရဲလမ်းမထက်ရှိ ပုလဲပေါက်ကျေးရွာ အနီးသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာ (၁) စီးမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍  "ထုတ်ပင်လယ်" ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု သိရသည်။


တိုက်ပွဲများမှာလည်း ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များတွင်သာမက  ရခိုင်- ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီးတွင်လည်း ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။  ၎င်းအောင်သပြေကျေးရွာတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ပြီး မောင်တောမြို့နယ်ရှိ ရန်သူ၏ "နခခ (၅)” မှလည်း တိုက်ပွဲဖြစ်နေစဉ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ရမ်းဗြဲမြို့တွင်လည်း  စစ်ကောင်စီ၏ အခြေချတပ်စွဲထားသည့် သိမ်တောင်ဘုရားကုန်းပေါ်ရှိ တပ်စခန်းမှ ရမ်းဗြဲမြို့ ထဲသို့ လက်နက်ကြီးများဖြင့် (၇) ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်  ကလိန်တောင်မြစ် သလူချောင်းဝနှင့် ပြင်ချောင်းကြီးချောင်းဝအကြား ရပ်နားထား သော ရန်သူ့ နေဗီကမ်းထိုးဇက်ရေယာဉ်နှင့် အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီတို့မှလည်း မြစ်ကမ်းနား တစ်လျှောက်နေရာ များအား လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြတ် တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။  

တစ်ဆက်တည်းမှာပင် ၎င်းနေဗီမှ ရမ်းဗြဲမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် (၉) ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်အချို့အပါအဝင် အောင်ဓမ္မဗိမာန်ဓမ္မာရုံနှင့် ကိုယ်ရံတောင်ဘုရားကုန်း အနီးတစ်ဝိုက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အလားတူပင် ကျောက်ဖြူမြို့တွင်လည်း မြို့မှ ၇  မိုင်ခန့်အကွာ ကုလဘာကျေးရွာအုပ်စုရှိ ၊ ငှက်ပျောချောင်းရွာအနီးတွင်  ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု နိရဉ္စရာက စုံစမ်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၂ ရက် နံနက် (၉) နာရီ (၄၀) မိနစ်အချိန်ခန့်က စစ်ကောင်စီ၏ “ခမရ (၅၄၂) တပ်ရင်းဗျူဟာကုန်း” မှလည်းကောင်း၊ ဂုံးချွိန်တိုက်နယ်၊ ချောင်းဝကျေးရွာနှင့် ဂေါ်တူကျေးရွာကြား ပင်လယ်ပြင်၌ ရပ်နားထားသည့် ရန်သူ့တိုက်ခိုက်ရေး နေဗီသင်္ဘောတစ်စီးမှလည်းကောင်း၊ ပြိုင်းစေ့ကေကျေးရွားအနီး ညောင်စိန်တောင် နားမှလည်းကောင်း ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများ ဖြင့် (၇၀) ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၁ ရက် ည (၁၀) နာရီကျော်အချိန်ခန့်ကလည်း ရက္ခိုင့်တပ်‌တော် အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်သည် လေကြောင်းမှ ညအချိန်မတော် တစ်ဖက်သတ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးနီးပါးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လလုံးလည လုံးလည်း လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ မီးလောင်ခဲ့ရသည်။

စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး (၂) လတာအတွင်း တစ်ပြိုင်နက် တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်မက ဆက်တိုက် ပြုလုပ် လာလျက်ရှိသည်ဟု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင် ဖော်ပြသည်။


ဆက်စပ် သတင်းများ