တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီလော်ဘီများက နာဂစ်အတွင်းက သေဆုံးခဲ့ရသည့်ကလေးငယ်များ၏ ဓာတ်ပုံများကို ယူ၍ ကျောက်တော်ဖြစ်စဉ်ဟုဆိုကာ လူမှုကွန်ယက်တွင် သတင်းအမှားများဖြန့်နေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

စစ်ကောင်စီလော်ဘီများက နာဂစ်အတွင်းက ကလေးငယ်များသေဆုံးခဲ့ရသည့်ဓာတ်ပုံများကို ယူ၍ ကျောက်တော်ဖြစ်စဉ်ဟုဆိုကာ လူမှုကွန်ယက်တွင် သတင်းအမှားများဖြန့်နေကြောင်း သိရသည်။

(ဓာတ်ပုံရှုပါ)

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်၍ နေဗီသုံးစီးနစ်မြုပ်သွားခဲ့သည်။

၎င်းနေဗီပေါ်တွင် ပါလာသူများ ရေကူး၍ ကမ်းပေါ်သို့ ထွက်ပြေးလာစဉ် ၎င်းသူများအား ရခိုင်ကျေးရွာသားများက ကမ်းပေါ်မှ နေ၍ ဓားဖြင့် ခုတ်သတ်ခဲ့သဖြင့် လူပေါင်း ၇၀၀ သေဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားများကို ဖြန့်ဝေကာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးလျှက်ရှိနေကြသည်။

အပေါက်၀ ကျေးရွာက လူကြီးတစ်ဦးက “ ကုလားတန်မြစ်ကမ်းနဘေးက ရွာတွေမှာ အဲဒီတိုက်ပွဲမဖြစ်ခင်ကတည်းက လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီလောက် လေယာဉ်နဲ့ ဗုံးကြဲတာ၊ နေဗီက ပစ်တာ။ ဘယ်သူနေရဲမလဲ။ ရွာသားတွေ ထွက်ပြေးနေတာကြာပြီ။ ဘယ်ရခိုင်ရွာသားမှ မခုတ်ဘူး။ ဒါက သက်သက် ကျနော်တို့ ရခိုင်လူမျိုးကို တမင်နာမည်ဆိုးအောင် လုပ်တာပါ”ဟုပြောသည်။ 

ရခိုင်ကျေးရွာသားများမှာ မိမိရပ်ရွာတွင် အေးချမ်းစွာ အလိုလိုနေရင်း စစ်တပ်က လေယာဉ်များဖြင့်  ဗုံးကြဲခြင်း၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် အသွားအပြန် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သေဆုံးသလို ဒဏ်ရာရသူများလည်း များစွာရှိကြောင်း၊ နေအိမ်များလည်း မီးလောင်ခဲ့ရကြောင်း၊ ယခုလို ဘက်ပေါင်းစုံ အခက်အခဲ ဒုက္ခကြုံတွေ့နေရချိန်တွင် တစ်ခါထပ်ပြီး လူသတ်သမားများဟု ထပ်မံ စွပ်စွဲခံရ၍ နာမည်ဖျက်နေကြခြင်း အပေါ် များစွာ စိတ်မကောင်းကြောင်း ၎င်းက ပြောကြားသည်။

၎င်းပြင် စစ်လော်ဘီများသည် ၂၀၁၇ ဩဂုတ်လအတွင်းက မောင်တော- ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း တောင်ဘဇားမှ စစ်တပ်မိသားစုများ ပြောင်းရွှေ့နေသည့် ဓာတ်ပုံများကို သေဆုံးရာတွင် ပါဝင်သွားသည့် ကျောက်တော်တပ်မက မိသားစုများ၏ ပုံများဟု ဆိုကာ ဓာတ်ပုံအမှားများဖြင့် သတင်းမှားများကို ဖြန့်ဝေလျက်ရှိနေသည်။


ထိုသို့ဖြန့်ဝေနေခြင်းမှာ ဘာသာရေးနှင့် အဓိဂရုဏ်းဖြစ်အောင် ဖန်တီး၍မရရာမှ လူမျိုးရေးဘက်သို့ လှည့်၍ အဓိဂရုဏ်းဖြစ်အောင် ပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

စစ်ကောင်စီသည် ၂၀၀၈ နာဂစ်မုန်တိုင်းတွင် သေဆုံးသည့်ပုံဟောင်းများကိုအသုံးပြုကာ လူမှုကွန်ယက်စာမျက်နှာများတွင် သတင်အမှားများဖြန့်ဝေနေသလို၊ ဗမာဘုရင်များနန်းစိုက်ခဲ့ရာ မန္တလေးမြို့တွင်လည်း "ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်က ထွက်သွား"၊ "ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စာသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေး တားမြစ်လိုက်သည်" စသဖြင့် ဓာတ်တိုင်များတွင် လိုက်ကပ်ထားကြောင်း သိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ မြို့ခံတစ်ဦးက အဆိုပါ စာများကို စစ်ကောင်စီ လော်ဘီတချို့က ဖြန့်ဝေခြင်းဖြစ်ပြီး မန္တလေးမြို့သူမြို့သားများ၏ သဘောဆန္ဒမဟုတ် သလို လုံးဝမသက်ဆိုင်ကြောင့် နိရဉ္စရာကို ပြောသည်။

"ကျနော်တို့ပြည်သူတွေနဲ့ ဘာမှမဆိုင်တဲ့ကိစ္စပါ။ ပုံမှန်ဆို ရခိုင်စာတွေအမြဲမစားပေမယ့် ဒီရက်ပိုင်း ကျနော်ဆို ရခိုင်ဆိုင်တွေကလည်း သွားစားတယ်။ အိမ်မှာလည်းလုပ်စားတယ်။ Facebook ပေါ်လည်း ရခိုင်မုန့်တီကိုအားပေးကြောင်း ဖော်ပြပါတယ်။ စစ်ကောင်စီက အရင်လို ပြည်သူကို ပုံမှား ရိုက်ချင်ပေမယ့် ပြည်သူတွေ မအကြတော့ဘူး။ သူတို့ဘက်တော်သားတွေကိုတော့ ကျနော် မပြောတတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီလူတစ်စုလောက်ပါပဲ။ အခုအချိန် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ကာလဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့အတူ ဗမာတွေလည်း အတူတူပဲ။ ရခိုင်ရဲ့ အောင်မြင်မှုတွေကို ကျနော်တို့ထပ်တူဝမ်းသာပါတယ်"ဟု ပြောသည်။



ULA/AA ပြောခွင့်ရ ဦးခိုင်သုခကလည်း "လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်နေတာတွေအများကြီးရှိတယ်။ ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီလော်ဘီတွေက သတင်းမှားတွေလည်း အများကြီး တွေ့ရတယ်" ဟု ပြောသည်။

ယင်းကြောင့် ပြည်သူများ သတိထားရန်လိုအပ်ပြီး လိုအပ်လာပါက ULA/AA က စာထုတ်ပြန်သွားမည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်ကလည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူ များစွာတို့အား ကယ်တင်ထားနိုင်ခဲ့ကြောင်း၊  ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည် တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန် ဖော်ပြထားသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ ၊ ကုလားတန်မြစ်တွင်း ရေကြောင်း တိုက်ပွဲတွင် နစ်မြုပ်သွားခဲ့သည့် နေဗီ ၃ စီးပေါ်မှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူများစွာတို့အား ရက္ခိုင့်တပ်တော်မှ ကယ်တင်ထားကြောင်း AA ၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!