တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတိုက်ပွဲ ယနေ့နံနက်ထိဆက်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားနေဟုဆို


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးနှင့်  ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။

" အခု မနက်ပိုင်းကလည်း တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ခဲ့သေးတယ်။ အခုတော့အသံတွေ ငြိမ်နေသေးတယ်။ ညကတိုက်ပွဲမှာ စစ်သားတွေသေဆုံးတာတွေရှိတယ်။ ဒဏ်ရာရသူလည်း အတော်များတယ်လို့ သိရတယ်" ဟု ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

ယနေ့မနက် ကိုးနာရီအချိန်လောက်ကနေ ဆယ့်ငါးမိနစ် ဝန်းကျင်လောက် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနေဗီက လက်နက်ကြီးနှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံ အမျိုးသမီး တစ်ဦးက ​ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်က ဖြစ်သွားသည့်  တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်က သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေ ၅၀ ဝန်းကျင်ရှိနိုင်ပြီး စစ်ကားသုံးစီးဖြင့် တပ်ရင်းများသို့ ပြန်သယ်ယူလာခဲ့ရကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ခံလူငယ် တစ်ဦးက ယင်းသို့ ယူဆောင်လာသည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

" မနေ့က ည ၇ နာရီဝန်းကျင်လောက်မှာ စစ်ကားတစ်စီးနဲ့သယ်လာတာ တွေ့လိုက်ရတယ်။ လူ ၄၀ ဝန်းကျင်လောက် ရှိနိုင်တယ်။ ခလရ ၃၄ တပ်ရင်းထဲယူလာတာ။ ဒဏ်ရာရတဲ့ စစ်သားတွေ ဖြစ်နိုင်တယ်" ဟု သူကပြောသည်။

နောက်ထပ်ကျောက်ဖြူဒေသခံ စစ်ရေးစောင့်ကြည့်သူသတင်းရင်းမြစ်တစ်ဦးလည်း ယမန်နေ့ည ၉ နာရီခွဲလောက်တွင် ကျောက်ဖြူသင်္ချိုင်းသို့ စစ်ကားတစ်စီးဖြင့် အလောင်း ၂၀ အထက် ရောက်ရှိသည်ဟု လတ်တလော ကြားသိရကြောင်း နိရဉ္စရာသို့ပြောသည်။



" ညကတော့ ကျောက်ဖြူသင်္ချိုင်းကို အလောင်း ၂၀ အထက်ရောက်တယ်လို့ကြားထားရတယ်။ သေချာ အတည်ပြုဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

ယမန်နေ့ည ၉ နာရီခွဲ အချိန်က ကျောက်ဖြူသင်္ချိုင်းဘက်သို့ စစ်ကားတစ်စီးမောင်းနှင်သွားသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း မည်သည့်အတွက်သွားသည်ကိုတော့မသိရှိရကြောင်း အနီးအနားရှိ  ရပ်ကွက်မှ ဒေသခံတစ်ဦးက​ပြောသည်။

" စစ်ကားတစ်စီး ညဘက်ကြီး ဖြတ်မောင်းသွားတာတော့ဟုတ်တယ်။ ညဘက်ကြီး ကိုးနာရီခွဲလောက် ရှိမယ်။ သင်္ချိုင်းဘက်ကိုသွားတာ" ဟု သူကပြောသည်။

ယမန့်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့သည်ဟု ပြောဆိုထားသော်လည်း စစ်ရေးဆိုင်ရာ ကိစ္စဖြစ်နေ၍  သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။ 

ယမန်နေ့ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီခန့်ကစတင်ကာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာ ကုလဘာကျေးရွာအုပ်စုရှိ ၊ ငှက်ပျောချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၈ နာရီမှ နေ့လယ် တစ်နာရီထိတကြိမ်၊ ညနေ ၄ နာရီမှ ၄ နာရီခွဲထိတကြိမ်နှင့် ညပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၅၄၃ ၊ ကျောက်တလုံးတောင်တန်းမှအမြောက်တပ်၊ အမှတ်(၃၂)ဒိုးတန်းတောင်ရဲတပ်ရင်းနှင့် နေဗီစစ်သင်္ဘောများမှ လက်နက်ကြီးတရစပ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်များမှာ ကုလဘာကျေးရွာမှနေအိမ်များကို ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်ရာ ငှက်ပျောချောင်းကျေးရွာအနီးဝန်းကျင်မှမလကျွန်း၊ ပြင်ရှည်၊ရွာသစ်နှင့် လိပ်ခမော်၊ ကန်းဒီး၊ မင်းတက်တောင်ကျေးရွာများမှဒေသခံများမှာ ယမန်နေ့မနက်ပိုင်းကပင် ဘေးလွတ်နိုင်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များမှာ ဂုံးချွိန်အုပ်စု၊ ဂုံးချွိန်ကျေးရွာအဆုံးရှိ ငပြီတောင်မော်တွင် တပ်အင်အားအများအပြားချထားပြီး တိုက်ပွဲပိုမိုကျယ်ပြန့်လာနိုင်ခြေရှိနေကြောင်း ဒေသခံများက နိရဥ္စရာသို့ပြောသည်။

နေဗီလက်နက်ကြီးကြောင့် ယနေ့ နံနက်ပိုင်း ဂေါ်တူရွာကို လက်နက်ကြီးတလုံးကျပြီး နေအိမ်အချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိဟု သိရသည်။(NN-23)

ပုံစာ- ယခင်ရခိုင်တိုက်ပွဲတုန်းက ပုံဟောင်းသာဖြစ်ပါသည်။

ဆက်စပ် သတင်းများ