Preview

စစ်တွေတွင် သေနတ်ပစ်ခံရ၍ ဘေးတွဲမောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံး

ဖေဖော်ဝါရီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :2799
ရခိုင် သတင်း

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ယနေ့ အာရုဏ်တက်အချိန်က သေနတ်ပစ်ခံရ၍ဘေးတွဲမောင်းသူ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိ၇သည်။

သေဆုံးသွားသူမှာဦးမောင်မြင့်ဝေ(၄၀) နှစ်ကျော် ဖြစ်ပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက်(၁)၊ဖြိုးဝေသစ်စက်ဘေး လမ်းကြားထဲမှ ဘေးတွဲမောင်းနေသူတစ်ဦးဖြစ်သည်ဟုသိ၇သည်။

သူသည်ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် အာရုဏ်တက် ၄ နာရီ ၅၇ မိနစ်အချိန်ခန့်၌ မုန့်တီသွားယူရန် ဘေးတွဲဖြင့်သွားနေစဥ် ကသဲရပ်ကွက်၊မဏိပူရလမ်းတွင် သေနတ်ပစ်ခံ၇၍ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“နဖူးက ဝင်ပြီးနောက်စေ့က ဖောက်ထွက်သွားတယ်တဲ့။ သေနတ်ပစ်သံက ၅ နာရီမထိုးခင် ၃မိနစ်က ကြားလိုက်ရတယ် ပြောကြတယ်။ အလောင်းကို ဆေးရုံကို ယူသွားကြတယ်” ဟုပြောသည်။

ထို့အပြင်နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက “ ဆိုင်ကယ်မောင်းလာတဲ့လူ ၃ ယောက်က ဆိုင်ကယ်ပေါ်ကနဖူးတေ့တေ့ ပစ်သွားတာလို့ ကြားတယ်။ အဲဒီအချိန်က ညမထွက်၇ အချိန်လည်းမဟုတ်ဘူး။ စစ်ကောင်စီ နဲ့ ALP အဖွဲ့က လူတွေ ပစ်သွားတာပြောကြတယ်။ ဒါက သီးသန့် ပြည်သူလူထုကို အထိတ်တလန့် မဖြစ်ဖြစ်အောင်၊ ဒေသမတည်ငြိမ်အောင် လုပ်တဲ့သဘောပါ”ဟုပြောသည်။

သူသည်နေ့စဥ် နံနက် အာရုဏ်တက်အချိန်တိုင်း ဈေးရောင်းသူများကို ငါးတောင်း၊ မုန့်တီများ သွားယူ၊ သွားပို့နေသူ တစ်ဦးဖြစ်သည်ဟုလည်းဒေသခံများက ဆိုကြသည်။

နောက်ထပ်ကုန်တန်းရပ်ကွက်သားတစ်ဦးကလည်း “ တချို့ကလည်း ALPကပစ်သွားတာလို့ ပြောကြတယ်။တချို့ကလည်း စစ်ကား ၂ စီးနဲ့ စစ်တပ်က ကင်းလှည့်တဲ့အချိန်မှာတွေ့လို့ပစ်သွားတာလို့ ပြောကြတယ်။ အမျိုးမျိုးပါပဲ။ စစ်တပ်က ပစ်တယ်လို့လည်းပြောကြတယ်။ မနက်ပိုင်းဆိုတော့ မျက်မြင်မဟုတ်ဘူး ” ဟုပြောသည်။

အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်၍ ALP မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို ဆက်သွယ်ရာတွင် ALP သည် ပြည်သူလူထုကိုမတော်မတရား လုပ်ခြင်းနှင့် ရန်ပြုခြင်းများလုပ်ရန် ညွှန်ကြားထားခြင်း မရှိကြောင်း၊ လက်တွေ့ကျကျမဟုတ်ဘဲမစွပ်စွဲသင့်ကြောင်း နိရဥ္စရာကို ပြောဆိုခဲ့သည်။

“အဲဒါ သတင်းတောင်မကြားမိသေးဘူး။ ခုနတုန်းက ပါတီက လူတွေနဲ့တောင် စကား ပြောလိုက်သေးတယ်။သူတို့လည်း မပြောဘူး။ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ ငါတို့ အေအေးဆေးဆေး နေတာ။လူကိုလည်း ရန်မပြုဘူး။ ရန်ပြုဖို့အတွက်လည်း ညွှန်ကြားချက်မရှိဘူးတစ်ခုမှ။ အဲဒါကို သိတောင်မသိဘူး။ တကယ်လို့ ငါတို့ လူတွေသိတယ်ဆိုရင်ငါလည်းပဲ သိမှာပဲလေ။ လက်တွေ့ကျကျ မဟုတ်ဘဲငါတို့ကို စွပ်စွဲလို့မရဘူး။ငါတို့မှာ ညွှန်ကြားချက်က မတော်မတရားဘဲ ဘာတစ်ခုမှ မလုပ်နဲ့လို့ညွှန်ကြားချက်ရှိတယ်” ဟု ပြောသည်။

သေဆုံးသူဘေးတွဲမောင်းသည့် ဦးမောင်မြင့်ဝေ၏ အလောင်းကို ညမထွက်အမိန့်ရှိနေ၍ မနက်ဖြန် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီအချိန်မှရပ်ကွက်သို့ယူလာကာ နေ့လယ်အချိန်တွင် စစ်တွေမြို့အာဂျိတ်တော်ကုန်းသုသာန်၌ သင်္ဂြိုဟ်သွားမည်ဟု သိ၇သည်။

စစ်တွေမြို့တွင်ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သူသေနတ်ပစ်ခံ၇၍ သေဆုံးသည့်အချိန်မှာ နံနက် ၅ နာရီ ၅၇ မိနစ်တွင်ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။ ထို့ကြောင့်စစ်တွေမြို့ခံတချို့မှာ စိုးရိမ်မှုများဖြစ်ပေါ်နေရကြောင်း သိ၇သည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.