တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

လူမျိုးရေး ပဋိပက္ခများနှင့် ဖမ်းဆီးမှုမျာရှိလာမည်ကို ပြည်မတွင်နေထိုင်နေသည့် ရခိုင်များစိုးရိမ်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 818

ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် စစ်ကောင်စီက သတင်းမှားများဖြန့်ကာ လူမျိုးရေး အဓိကရုဏ်းများဖြစ်အောင် ဖန်တီးနေသည့်အတွက် လူမျိုးရေး ပဋိပက္ခများနှင့် ဖမ်းဆီးမှုများ ရှိလာမည်ကို ပြည်မတွင်နေထိုင်နေသည့် ရခိုင်များ စိုးရိမ်နေကြသည်။

စစ်ကောင်စီလော်ဘီချန်နယ်များ နှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ၂၀၁၇ နာဂစ်မုန်တိုင်းတွင် လူသေဆုံးသည့်ပုံဟောင်းများကိုအသုံးပြုကာ သတင်းအမှားများဖြန့်ဝေနေသလို လူမျိုးရေးအမုန်းပွားစေသည့်စာများအား ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် မန္တလေးမြို့နေရာတချို့ နှင့် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ရခိုင်စားသောက်ဆိုင်များ နှင့် နေရာတချို့တို့တွင် ကပ်ထားကြောင်း  မြို့ခံများထံမှ သိရသည်။

ယင်းအပြင် ရန်ကုန်မှ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံနှင့် သင်္ကန်းကျွန်းစသည့်မြို့နယ်များရှိ ရခိုင်တချို့အား ဖမ်းဆီးရသည့်သတင်းများလည်း ပျံ့နှံ့နေသည့်အတွက် လွန်စွာစိုးရိမ်မိကြောင်း လှိုင်သာယာမှ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

"ရခိုင်တွေကို ဝင်ဖမ်းတဲ့သတင်းတွေကိုဆက်တိုက်ကြားနေရတယ်။ အတည်မပြုနိုင်ပေမယ့် တစ်ယောက်မကပြောကြတော့ အရမ်းစိုးရိမ်တယ်။ တခြားရခိုင်တွေလည်းဒီလိုပါပဲ။ ပြန်ဖို့စီစဉ်နေတဲ့ ရခိုင်တွေလည်း အများကြီးရှိနေပါတယ်"ဟု ပြောသည်။


မြောက်ဥက္ကလာပမြို့နယ်မှ မုန့်တီရောင်းချသည့် ရခိုင်အမျိုးသမီးတစ်ဦးက "ကျမတို့စိုးရိမ်တာက အခု စစ်မှုထမ်းဥပဒေလည်းထုတ်ထားတယ်။ ရခိုင်တွေကို ဦးတည်ဖမ်းဆီးတဲ့သတင်းတွေလည်း ကြားရပါတယ်။ ရခိုင်မှာလည်းစစ်တပ်ကအကျများတော့ ဒါကဖြစ်နိုင်တယ်။ ရခိုင်ကိုအဓိကထား ဖမ်းနေတာဆိုရင် ကျမကတော့ သူတို့တပ်ထဲ လုံးဝမဝင်နိုင်ဘူး။ အဖမ်းခံရမှာကို အရမ်းစိုးရိမ်တယ်။ ပြီးတော့ အခုစာတွေလည်းလိုက်ကပ်နေတော့ ဗမာတွေအမြင်မကြည်ဘဲ ပဋိပက္ခတွေ ဖြစ်မှာစိုးပါတယ်။ နောက်ပြီး တကယ်အမုန်းပွါးပြီး ဝယ်မစားကြရင်လည်း ကျမတို့ ရပ်တည်ရ အရမ်းခက်သွားနိုင်တယ်။အခုတောင် ကျပ်တည်းကြလို့ ရောင်းရတာ မဟုတ်ဘူး"ဟု ပြောသည်။

ရန်ကုန်ရှိ ရခိုင်လူမျိုးများအား စစ်တပ်က ဖမ်းဆီးမှုများနှင့် ပတ်သက်၍ နိရဥ္စရာက စုံစမ်းနေဆဲဖြစ်ကာ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်တပ်၏ ယခုကဲ့သို့လုပ်ဆောင်နေမှုများမှာ စစ်ကောင်စီက ရခိုင်- ဗမာ လူမျိုးရေး အမုန်းပွါးစေရန် ရည်ရွည်ပြီး  လှုံ့ဆော်မှုများလုပ်ဆောင်နေခြင်းသာဖြစ်ပြီး ဗမာလူမျိုးများ၏ သဘောဆန္ဒမဟုတ်ဟု ဗမာလူမျိုးများက ပြောသည်။


ဆောမြို့နယ် ပ.အ.ဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက "ရခိုင်တွေအပါအဝင် အားလုံး တိုင်းရင်းသားတွေ၊ ကျနော်တို့ ဗမာတွေအပါအဝင်အားလုံးကို ပထမဆုံးပြောချင်တာက စစ်ကောင်စီသည် ဗမာတွေကိုကိုယ်စားပြုတဲ့စစ်တပ်မဟုတ်ပါဘူး။ ကျနော်တို့ ဗမာတွေ ကိုယ်တိုင်လည်း ဒီအကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်နေသူတွေဖြစ်ပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ လူမျိုးရေးခွဲခြား မှိုင်းတိုက်တဲ့ပြဿနာတွေ ရှေ့မှာလည်း သင်ခန်းစာတွေအများကြီးရခဲ့ပြီးပြီ ဖြစ်တယ်။ အခုတော်လှန်ရေးလုပ်နေတဲ့အခါမှာလည်း အားလုံးပါဝင်နေကြပြီဖြစ်တယ်။ စစ်ကောင်စီဟာ ကျနော်တို့နဲ့ဘာမှမသက်ဆိုင်တဲ့ အဖွဲ့သာဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်မှုတွေဟာ ကျနော်တို့ ဗမာတွေရဲ့ သဘောထား လုံးဝမဟုတ်ဘူးဆိုတာကို ပြောလိုပါတယ် "ဟု နိရဥ္စရာကိုပြောသည်။

ယင်းအပြင် စစ်ကောင်စီ အမာခံအားပေးထောက်ခံသူများ၏ "ရခိုင်မုန့်တီလုံးဝအစားတော့ဘူး"ဟု ရေးသားမှုများနှင့် ပတ်သက်၍လည်း တော်လှန်ရေးကိုအားပေးထောက်ခံသည့် ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံက ရခိုင်မုန့်တီနှင့် ရခိုင်အစားအစာများကိုစားကာ လူမှုကွန်ယက် စာမျက်နှာများတွင် ဖြန့်ဝေခဲ့ကြသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်၍ နေဗီသုံးစီးနစ်မြုပ်သွားခဲ့သည်။


၎င်းနေဗီပေါ်တွင် ပါလာသူများ ရေကူး၍ ကမ်းပေါ်သို့ ထွက်ပြေးလာစဉ် ၎င်းတို့အား ရခိုင် ကျေးရွာသားများက ကမ်းပေါ်မှ နေ၍ ဓားဖြင့် ခုတ်သတ်ခဲ့သဖြင့် လူ ပေါင်း ၇၀၀ သေဆုံးသွားသည်ဟု ဆိုကာ ယခုကဲ့သို့ သတင်းအမှား များကို ဖြန့်ဝေကာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးလျှက် ရှိနေကြခြင်း ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ကကုလားတန်မြစ်တွင်း ရေကြောင်း တိုက်ပွဲတွင် နစ်မြုပ်သွားခဲ့သည့် နေဗီ ၃ စီး ပေါ်မှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူများ စွာတို့အား ရက္ခိုင့်တပ်တော်မှ ကယ်တင်ထားကြောင်း ၊  ကယ်တင်ရာတွင် အာရက္ခစစ်သည် တစ်ဦး အသက် ဆုံးရှုံးခဲ့ရကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ (NN-7) ဓာတ်ပုံ- AAMIJ

(ရန်ကုန်မြို့ရှိ နေရာတချို့တွင်ကပ်ထားသည့်စာများ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!