ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့ရှိ တပ်ရင်းများကို AA ဝင်တိုက်ပါက ကျေးရွာများကို မီးရှို့ရန် စစ်တွေဒကစမှူး ညွှန်ကြားထားဟုဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 8k

ရခိုင်ပြည်၊စစ်တွေမြို့ နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA) ဝင်ရောက် တိုက်ခိုက်လာပါက အရပ်သား ကျေးရွာများကို မီးရှို့ရန် စစ်တွေ ဒကစမှူးက ညွှန်ကြားထားသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၊ ရေချမ်းပြင်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို လက်နက်ချရန် ရက္ခိုင့်တပ်တော်က စာပို့ခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီးနောက် ယခုကဲ့သို့ ရွာများကို မီးရှို့ရန် ညွှန်ကြားထားကြောင်း သိရသည်ဟု ရေချမ်းပြင်ရွာသား တစ်ဦးက ပြောသည်။

"ကျနော်တို့လည်း သတင်းကြားရပါတယ်။ အေအေတိုက်ရင် ရွာတွေကို မီးရှို့ဖို့ ခိုင်းထားတယ်လို့။ ဒါကြောင့် ရွာသားတွေအရမ်းကြောက်နေကြတယ်။ ထွက်ပြေးဖို့ ပြင်နေကြပါပြီ"ဟု ပြောသည်။

စစ်တွေ ဒကစမှူးက တပ်သားများအား လက်နက်မချကြရန်နှင့် အေအေ တိုက်ခိုက်လာပါက အနီးအနားကျေးရွာများကို မီးတိုက်ရန် ပြောဆိုထားကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်ဟုလည်း ရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ရွာများကို မီးရှို့ခိုင်းသည့်သတင်းများကြားသိနေရသည့်အတွက် အဆိုပါစစ်တပ် စခန်းများ အနီးရှိ ရေချမ်းပြင်၊ အုန်းရေပေါ်၊ ကျက်တောပြင်၊ သင်ပုန်တန်း၊ ပျားလည်ချောင်းစသည့်ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ် ကြောက်လန့်ကာ တချို့စတင်ထွက်ပြေးနေကြပြီဟု ၎င်းက ဆက်လက် ပြောသည်။

ရေချမ်းပြင်ကျေးရွာ ရေကြောင်းစစ်ဆေးရေးနေရာကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ  ၃ နာရီခန့်က ဒကစမှူး ရောက်လာပြီးနောက် ရေချမ်းပြင်မြစ်ဝအားပိတ်ဆို့စစ်ဆေးရန် ၊ လုံခြုံရေးတင်းကျပ်ရန် မှာကြားခဲ့ပြီး လက်ရှိမှာ အရပ်သားများအား ရေကြောင်း လားလာခွင့် လုံးဝမပြုတော့ကြောင်း သိရသည်။

ယင်းကြောင့် စစ်တွေမြို့နယ်အပြင် ရသေ့တောင်မြို့နယ် မယူကမ်း၊ မစဲကမ်းမှ ဒေသခံများလည်း သွားလာခွင့် မရကြတော့ဟု သိရသည်။ 

"ကျမတို့ ပြေးဖို့ကိုတောင် ဘယ်ပြေးရမယ်မသိတော့ပါဘူး။ စစ်တပ်အကြောင်း သိပြီးသားမို့ အရမ်းကြောက်ပါတယ်။ ဒီရက်ပိုင်း တခြားနေရာရွှေ့ဖို့ ကြိုးစားရတော့မှာပဲ"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ကလည်း ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ စစ်တွေမြို့အဝင် မင်းချောင်းတံတားအား အေအေ မဝင်ရောက်နိုင်အောင် မိုင်းခွဲဖျက်ဆီးခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ