ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ရက္ခိုင်တပ်တော်၏ ၃ လတာ တိုက်ပွဲအတွင်း တပ်မမှူးနှင့် ဗျူဟာမှူးအဆင့် ၂ ဦးအား အရှင်ဖမ်းမိပြီး ၂ ဦးအားအသေမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရက္ခိုင့်တပ်တော်၏ (၃)လတာ စစ်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူး အဆင့် ၂ ဦးအား အရှင်ဖမ်းမိပြီး ၂ ဦးအား အသေ ဖမ်းမိကြောင်း၊ ကျန်တစ်ဦးမှာ သေ/ရှင်မသိရဘဲ ပျောက်ဆုံး နေကြောင်း ရက္ခိုင့်တပ်တော် (AA)က ဖော်ဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။

အသက်မသေဘဲ ဖမ်းမိသူ နှစ်ဦးမှာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းနှင့် ကျောက်တော် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်တို့ ဖြစ်ကြသည်။

“ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်း အားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာ ရရှိထား၍ သေလုမျောပါး ဖြစ်နေပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ပြီး ယခုအချိန်တွင် မိမိတို့ဆေးတပ်ဖွဲ့ဝင်များကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသက်ဘေးမှ နောက်ထပ် ကင်းလွတ်ခဲသူ နောက်တစ်ဦးမှာ စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ဖြစ်ပြီး ၎င်းအား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့နှင့်အတူ AA မှ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 


တိုက်ပွဲအတွင်း အသေဖမ်းမိသည့် စစ်ကောင်စီ ဗိုလ်မှူးကြီး အဆင်ရှိ ၂ ဦးမှာ မြောက်ဦးမှ တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ကြည်း/ ၃၁၅၁၄ နှင့်  ပလက်၀မြို့နယ် နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ တို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့် သတင်းတွင် “ မိမိတို့အနေဖြင့် ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သော တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း/ ၃၁၅၁၄ ဖြစ်ကြောင်း၊  တပ်မ (၁၁) တပ်မမှူးအား မိမိတို့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။

ပလက်၀မြို့နယ် နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးအား  ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်များအတွင်း ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။  

နောက်ထပ် ပျောက်ဆုံးနေသူ တစ်ဦးမှာ ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ် တစ်ခုဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း/၂၇၉၆၇ ဖြစ်သည်။



၎င်းနှင့် ပတ်သက်ပြီး ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကို လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးဟု  ထုတ်ပြန်ချက်တွင် ဖော်သည်။

၎င်း တပ်မမှူး၊ ဗျူဟာမှူးအဆင့်များအား ဖမ်းမိခြင်းမှာ တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သုံးလပြည့်အတွင်းတွင် ဖြစ်သည်။

စစ်ပွဲ သုံးလကျော်ကာလ အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။  

ထို့အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်း မြောက်မြားစွာတို့ကို သာမက ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် လက်နက်ချအညံ့မခံသော ရန်သူ့စစ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဤကဲ့သို့ စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသော သူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ မိမိတို့မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ထဲမှ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချ အညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိပါကြောင်း၊ ထို့အတူ လက်နက်ချအညံ့ခံစဉ် ပါလာသော ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများ ကိုလည်း ၎င်းတို့နှင့်အတူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း၊  တိုက်ပွဲများအတွင်း မိမိတို့ဖမ်းဆီးရမိသော ဒဏ်ရာရရှိထားသည့် သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံစဉ် ပါလာသူများထဲမှ ဒဏ်ရရရှိထားသူများ ကိုလည်း မိမိတို့အနေဖြင့် မိမိတို့တွင်ရှိသောဆေးဝါးများဖြင့် အကောင်းဆုံးကုသပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။  

ဆက်စပ် သတင်းများ