တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရသေ့တောင်ပြားချောင်းကြီးအနီး အပြန်အလှန်တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

(မေယုမြစ်ကြောင်းအတိုင်း တက်လာသည့် နေဗီက လက်နက်ကြီးဖြင့်ပစ်၍ ကောက်ရိုးပုံအချို့ မီးလောင်)

ရသေ့တောင်မြို့နယ် ပြားချောင်းကြီးကျေးရွာ တံတားအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အကြား ယမန်နေ့ ည ၇ နာရီကျော်က တိုက်ပွဲဖြစ်ကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးအနီး တံတားထိပ်တွင်ယနေ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၇နာရီကျော်ခန့်က အပြန်အလှန်ပစ်ခတ်နေ‌သည်ဟု ပြားချောင်းကြီးကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" စစ်ကောင်စီဖက်က ဂျက်တိုက် နဲ့အရင် လိုင်ဂွင်၊ နွားတင်းကုတ်နဲ့ ပြားချောင်းကြီးဖက်ကို ဗုံးလာကြဲတယ်။ အဲ့ဒါကြောင့် ကိုယ့်ဖက်ကပြန်ပစ်သံတွေကြားနေရတယ်။ ဘူးသီးတောင်ဖက်ကလည်း လက်နက်ကြီးတွေနဲ့ မနေ့က တစ်ညလုံး ပစ်နေတယ်" ဟု ဖေဖော်ဝါရီ ည ၇ နာရီကျော်ကပြောသည်။

ယင်းအပြင်း ယမန်နေ့ နေ့လယ် ၁၂နာရီခန့်ကလည်း စစ်တွေမှ မေယုမြစ်အတိုင်း တက်လာသည့် နေဗီတစ်စီးမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ မူစဲကမ်း  ရွှေလောင်းတင်၊ မြင်းကန်းချောင်း ကျေးရွာအနီး တစ်ဝိုက်တွင် လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"  ရွှေလောင်းတင်၊ မြင်းကန်းချောင်း ရွာနားကလယ်ကွင်းတွေမှာကျလို့ ကောက်ရိုးပုံတွေ မီးလောင်သွားတယ်" ဟုပြောသည်။

ရသေ့တောင်တွင် စစ်ကောင်စီ၏ခမရ (၅၃၆)၊ ခမရ (၅၃၇)နှင့် ခမရ (၅၃၈)တပ်ရင်း ၃  ရင်းရှိပြီး ၎င်းတပ်ရင်းများကို ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ နံနက်မှ စ၍ ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်ထားသဖြင့် အတည်ပြုချက် ရယူရန် အခက်အခဲရှိနေပါသည်။

သို့သော်လည်း ယမန်နေ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ စစ်ရေးသတင်း ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ရသေ့တောင်မြို့ ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီး ပတ်ဝန်းကျင်များသို့ ဖေဖော်ဝါရီ  ညနေ (၇) နာရီ (၁၅) မိနစ်မှစတင်၍ စစ်ကောင်စီသည် ဂျက်တိုက် လေယာဉ်များဖြင့် တစ်စီးပြီးတစ်စီး မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဖေဖော်ဝါရီ ၁၄ ညနေပိုင်းမှစတင်ကာ မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့၏စခန်းများအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်ဟု ဖော်ပြထားသည်။ (NN-11) 

ပုံစာ- တိုက်ပွဲဖြစ်ပွားနေရာ ပြားချောင်းကြီးတံတားကို တွေ့ရစဉ်

ဆက်စပ် သတင်းများ