တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်း ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို AA ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်း ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA)က ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည်  နေ့လယ် ၁၂နာရီအထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မောင်တောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက နိရဥ္စရာသတင်းဌာနကို မိန့်ကြားသည်။

“ ဦးဇင်းတို့ဒီမနက်အစောကြီးကတည်းက လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကြားနေရတယ်။ ကိုယ့်တပ်တော်ဘက်က ဗောဓိကုန်းစခန်းကို ဝင်တိုက်နေတယ်လို့သိရတယ်။ အခု ၁၂ နာရီအထိ ပြင်းထန်နေတယ်။ လက်နက်ကြီး အကြီးအကျယ်ပစ်နေကြတယ် ” ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု နောက်ထပ် မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“မနက် ၁၀နာရီကနေ ဂျက်တိုက်နဲ့ ၂ ကြိမ်ရှိပြီ ဗုံးလာကြဲတာ။ မြို့ကနေတောင် အကြီးအကျယ်ကြားနေရတယ်” ဟုပြောသည်။

မောင်တော-အငူမော်လမ်းမှာ တည်ရှိသည့် ဗောဓိကုန်းနယ်ခြားစောင့်စခန်းသည် ကင်းချောင်း၊ ရွှေရင်အေးနှင့် ခရေမြိုင်စသည့်နယ်ခြားစောင့်စခန်းများပေါင်းစုထားသည့်စခန်းဖြစ်ပြီး  ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကတစ်ကြိမ် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီး စခန်းမှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ပြောဆိုကြသည်။(NN-11) (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ