တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

တောင်ကုတ်မှ မာန်အောင်သို့သွားသည့် သင်္ဘောကို AA က တားဆီးစစ်ဆေးကာ ထွေအုပ်နှင့် စစ်ကောင်စီပိုင်ပစ္စည်းများအားသိမ်းဆည်း


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 12k

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာလာသည့် သင်္ဘော ၁ စီးကို ရက္ခိုင့်တပ်တော်(AA) က လမ်းခုလပ်တွင် တားဆီးစစ်ဆေးကာ ထွေအုပ်နှင့် စစ်ကောင်စီ စစ်တပ်အတွက် ထွေအုပ်အမည်ခံပြီး တင်ဆောင်လာသော ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ကုန်ပစ္စည်းများအပါအဝင် ခရီးသည် ၆၀ နီးပါးခန့်(အကြောင်းအမျိုးမျိုးကြောင့် တောင်ကုတ်သို့ ရောက်နေသည့် ကျောင်းသားများနှင့် မာန်အောင်မြို့ခံများ) ဖြင့် ထွက်ခွာလာသည့် အလောင်းဘုရား အမည်ရှိသင်္ဘောကို ရက္ခိုင့်တပ်တော်(AA)က လမ်းခုလပ်တွင် တားဆီးပြီး စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါခဲ့သည့် ခရီးသည်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ လမ်းခုလပ် တစ်နေရာမှာ နေ့လယ် ၁၂ နာရီလောက်က အေအေက တားပြီး စစ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေမှာ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး နာမည်ပါတဲ့ ပစ္စည်းတွေကို သိမ်းသွားပါတယ်။ ပြည်သူတွေကိုတော့ ဘာမှ စိတ်မပူဖို့ပြောပါတယ်။ သူတို့ စစ်ဆေးသိမ်းဆည်းပြီးတော့ ညနေပိုင်းလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါ ရက္ခိုင့်တပ်တော်(AA) က သိမ်းဆည်းသွားသော မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးအမည်ခံပြီး  ခေါင်းစဥ်တပ်ကာ စစ်တပ်အတွက် တင်ဆောင်လာသည့် ကြက်ဥ၊ ဆီ၊ ကြက်သွန်နီအပါအဝင် တခြားစားကုန်များ ဖြစ်ကြသည်။

“ဒီ စားကုန်တွေက စစ်တပ်အတွက်ရော၊  ထွေအုပ်လက်အောက်က ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေအတွက် ခေါင်းစဉ်တပ်မှာတယ်။ မာန်အောင်ကို ရောက်ရင် ဒီကုန်ပစ္စည်းတွေကို သူတို့က ပြင်ပမှာရောင်းတယ်။  ပြင်ပမှာက ကုန်စျေးနှုန်းတွေ စျေးကြီးနေတော့ သူတို့က အဲဒီစျေးထက် လျော့ပြီးတော့ ရောင်းတယ်။ ပြီးရင် မြို့က ကုန်သည် သူဌေးတွေကိုလည်း ရောင်းတယ်။ ရှင်းရှင်းပြောရရင် လုပ်စားနေတာပေါ့။ ”ဟုပြောသည်။

တောင်ကုတ်မှ မာန်အောင်သို့လာသည့် သင်္ဘောကို အေအေက တားဆီးစစ်ဆေးခဲ့ခြင်းမှာ စစ်ကောင်စီတပ်ပစ္စည်းများနှင့် မာန်အောင်မြို့နယ် အုပ်ချုပ်‌ရေးမှူးမှ ကုန်ပစ္စည်းများပါလာသည်ကို သတင်းရ၍ စစ်ဆေးခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“အဲဒီနေ့က အေအေက စစ်တာကလည်း သတင်းရလို့ စစ်တာနဲ့တူတယ်။ ပြီးတော့ သူတို့ ဦးတည်ပြီး စစ်တာကလည်း ထွေအုပ်က ပစ္စည်းတွေနဲ့ စစ်ကောင်စီရဲ့ ပစ္စည်းတွေပါလားဆိုပြီး စစ်ဆေးခဲ့တာ။ ပြည်သူတွေမှာပါတဲ့ ရိက္ခာတွေကိုတော့ သူတို့ မယူဘူး။ ထွေအုပ်ပစ္စည်းနဲ့ စစ်ကောင်စီရဲ့ ပစ္စည်းတွေကိုပဲ သိမ်းခဲ့တာ” ဟုပြောသည်။

မြို့နယ် လျှပ်စစ် EPC  အတွက် ပို့ဆောင်သည့် စက်သုံးဆီများကိုလည်း အေအေက မသိမ်းဆည်းဘဲ လွှတ်ပေးလိုက်ဟု  မာန်အောင် မြို့ခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးကို နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာတွင်လည်း “သူတို့ထွက်လာတဲ့ သင်္ဘာမှာ ထွေအုပ်ပစ္စည်းတွေနဲ့ စစ်ကောင်စီရဲ့ ပစ္စည်းတွေပါလို့ အဲဒါတွေလောက်ပဲ သိမ်းထား လိုက်တာပါ။ ပြည်သူတွေကိုတော့ ဘာမှမလုပ်ပါဘူး။ ပြည်သူပစ္စည်းတွေလည်း ဘာမှ သိမ်းဆည်းတာ မရှိဘူး။ EPC က စက်သုံးဆီတွေကိုတောင် မြို့လျှပ်စစ်မီးဖြစ်လို့ ဘာမှ မသိမ်းပါဘူး။  ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ပါတယ်” ဟုဆိုသည်။

အဆိုပါသင်္ဘောကို ရက္ခိုင့်တပ်တော်(AA) မှ ညနေ ၃ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်သော်လည်း နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ မာန်အောင်မြို့ကို ရောက်လာခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

သင်္ဘော မာန်အောင်သို့ ရောက်လာခဲ့ပြီးနောက်တွင် ခရီးသည်များကို နာမည်နှင့်တကွ စစ်ဆေးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှလည်း သင်္ဘောပေါ်တွင် အေအေက မမြင်လိုက်၍ ပါလာလည်း သူတို့ရဲ့ ရိက္ခာများကို လာယူသွားခဲ့သည်များလည်း ရှိသည်ဟု သင်္ဘောဆိပ်အနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။(NN-3)

ပုံ - စစ်ဆေးခံခဲ့ရသည့် သင်္ဘောအား မာန်အောင်သင်္ဘောဆိပ်တွင် တွေ့ရစဥ်။

ဆက်စပ် သတင်းများ