တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တော ဗောဓိကုန်းစခန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

(ရမ်းဗြဲနှင့် ရသေ့တောင်မြို့တို့ကို စစ်ကောင်စီက ကြည်း၊ရေ၊လေတို့ဖြင့် အသည်းအသန် ခုခံကာကွယ်နေ)

ရက္ခိုင့်တပ်တော် (AA) သည် မောင်တောမြို့တောင်ဘက် ဗောဓိကုန်းစခန်းအား ဖေဖော်ဝါရီ ၁၅ ရက်  နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

၎င်းစခန်းသည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီသည် အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်ဟု ယမန်နေ့က ရက္ခိုင့်တပ်တော်၏ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်မှ  ဗောဓိကုန်းစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိရေး အတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ဗောဓိကုန်းစခန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့ကလည်း သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ရာတွင်  “ ရန်သူသည် အဆိုပါစခန်းမကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်။ လက်ရှိ အချိန်တွင် မိမိတို့မှ ရန်သူ၏ နခခ (၄) လက်အောက်ခံ “ဗောဓိကုန်းစခန်း” အား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ် အရှိန်အားမြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိကြောင်း” ဖော်ပြထားသည်။

ရသေ့တောင်မြို့နယ်အတွင်း၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ စတင် ဖြစ်ပွားလျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီသည် လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်း ပူးပေါင်းခုခံစစ်ဖြင့် အသည်းအသန်ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရမ်းဗြဲမြို့ကဲ့သို့ ရသေ့တောင်မြို့သည်လည်း  စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား တိုက်ခိုက်လာသည့်  မြို့တစ်မြို့ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက် လျက်ရှိသောကြောင့် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏အငြိုးအတေးကို အများဆုံးခံနေရသည့် မြို့ဖြစ်သည်။

ယနေ့တွင်လည်း စစ်ကောင်စီသည် ရမ်းဗြဲမြို့အား ယခင်ရက်များနည်းတူ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံတိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ ပေါက်နက်ချေကျေးရွာမှ အပြစ်မဲ့ဒေသခံအမျိုးသား (၉) ဦးတို့ သည် ပေါက်နက်ကြီးကမ်းနားရှိ မြစ်ပြင်ထဲတွင် စားဝတ်နေရေးအတွက် လောင်းလှေ (၃) စီးဖြင့် ငါးဖမ်း ထွက်နေစဉ် စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်းဌာနချုပ်” မှ နေဗီတစ်စီးသည် အဆိုပါ ဒေသခံများအား မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကို အခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မိမိတို့၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ ယနေ့တွင် ပလက်ဝမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်း တိုင်းကို တစ်ခုမျှမကျန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က သတိပေးထားသည်။

ဆက်စပ် သတင်းများ