သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မအီမြို့မှ တပ်မိသားစုဝင်များနှင့် စစ်ပစ္စည်းများအား ရဟတ်ယာဉ်ဖြင့် အမ်းသို့ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 829

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ရဲနှင့်စစ်တပ်မိသားစုဝင်များအပါအဝင် စစ်ပစ္စည်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့သို့ ရဟတ်ယာဥ်ဖြင့် အကြိမ်ပေါင်းများစွာ  ရွှေ့ပြောင်းသွားကြောင်း သိရသည်။

မအီမြို့မှ တပ်မိသားစုဝင်များနှင့် စစ်ပစ္စည်းများအား ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် နှစ်ကြိမ်၊ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် တစ်ကြိမ် အမ်းသို့ စစ်ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့သွားကြောင်း မအီမြို့ခံများက ပြောသည်။

မအီမြို့ အမှတ် (၂) ရပ်ကွက်၊ အထကစာသင်ကျောင်းရှေ့ ဘောလုံးကွင်းတွင် ရဟတ်ယာဥ်ဖြင့် အတင်အချ ပြုလုပ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ရဲစခန်းကပစ္စည်းတွေကို သယ်ပြီး ၁၂ နာရီ ၄၅ မိနစ်မှာ ပြန်ထွက်သွားပါတယ်။  မနေ့ကလည်း ပထမတစ်ခေါက် ၃ နာရီခွဲလောက်မှာ ပစ္စည်းအတင်အချ လုပ်တယ်။ ညနေ ၅ နာရီမှာ ဒုတိယတစ်ခေါက်လာပြီး တပ်သားမိသားစုအယောက် ၃၀ လောက်ကို လာယူသွားတယ်" ဟု ပြောသည်။

မအီမြို့သည် တောင်ကုတ်နှင့် အမ်းမြို့ ကားလမ်းပေါ်တွင် တည်ရှိပြီး ရက္ခိုင့်တပ်တော် ဝင်ရောက် တိုက်ခိုက်ခံရနိုင်သည့် အခြေအနေတွင် ရှိနေ၍ ယခုလို ရွှေ့ပြောင်းခြင်းဟု သိရသည်။

စစ်ကောင်စီသည် ရခိုင်ရှိ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်များမှ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ မိသားစုဝင်များအား သံတွဲ နှင့် အမ်းတို့ကို ရွှေ့ပြောင်းထားပြီး သံတွဲသို့ရွှေ့ပြောင်းထားသူများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရန်ကုန်သို့ ကားများဖြင့် ရန်ကုန်-ဂွကားလမ်းအတိုင်း ယူဆောင်သွားကြောင်း တပ်တွင်းသတင်းအသိရသည်။

ယင်းအပြင် ကျောက်ဖြူနှင့် စစ်တွေမှ စစ်တပ်မိသားစုဝင်တချို့လည်း ရန်ကုန်သို့ ရေကြောင်းဖြင့် ယူဆောင်လာခဲ့သည်ဟုလည်း  တပ်တွင်းသတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။

"ဗျူဟာ (၃)က စစ်တပ်မိသားစုတွေ အကုန် ရန်ကုန်ရောက်နေတယ်။ ကျောက်ဖြူတို့စစ်တွေတို့က မိသားစု‌တွေပါတယ်။ စစ်ဘေးရှောင်လာကြတာတဲ့။ သင်္ဘောနဲ့ သွားခေါ်တာ"ဟု ပြောသည်။

ရက္ခိုင့်တပ်တော်သည် ရခိုင်မှ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ နှင့် ပလက်ဝဒေသတို့ကို သိမ်းပိုက်ရရှိထားပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူမြို့တို့တွင်လည်း စစ်ရေးအသာစီးရနေသည့်အတွက် တပ်မိသားစုဝင်များနှင့် အရေးကြီးပစ္စည်းများအား ဆက်တိုက်ရွှေ့ပြောင်းမှုများလုပ်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိ ရခိုင်စစ်ရေးအခြေအနေအရ အေအေက အသာစီရရှိထားပြီး မိုးမကျမီ ရခိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို စစ်ကောင်စီလက်လွတ်ရနိုင်သည့်အနေအထားရှိကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ထားသည်။ (NN-7)

ပုံစာ- ရွှေ့ပြောင်းနေသည့် ရဟတ်ယာဉ်

 

ဆက်စပ် သတင်းများ