Preview

တောင်ကုတ်- သံတွဲ ကားလမ်းကြားမှ ကျေးရွာများ လေကြောင်းအန္တရာယ်မှ ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ရက္ခိုင့်တပ်တော်သတိပေး

ဖေဖော်ဝါရီ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :5989
ရခိုင် သတင်း

၇ခိုင်ပြည် တောင်ဘက်ပိုင်း သံတွဲ-တောင်ကုတ် ကားလမ်းကြားမှ ကျေးရွာများကိုစစ်တပ်၏ လေကြောင်း ဗုံးကြဲမှုအန္တရာယ်မှ ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ရက္ခိုင့်တပ်တော်က (AA)  သတိပေးထားကြောင်းသတင်းရရှိသည်။

တောင်ကုတ်မြို့က စကခ(၅)လက်အောက်ခံတပ်ရင်းများနှင့် ရဲစခန်းတို့အား ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်ထိုးစစ်ဆင်သည်နှင့် စစ်ကောင်စီဘက်က ကျေးရွာမြင်သမျှကိုလေကြောင်း ဗုံးကြဲ လာနိုင်သည်ဟုဆိုကာ ထိုသို့သတိပေးလာခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

" တောင်ကုတ်ကို အေအေဖက်ကဝင်တိုက်တယ်ဆိုတာနဲ့စစ်တပ်လေယာဥ်တွေကနေပြီးတော့ ခေါင်မိုးမြင်သမျှ၊အိမ်မြင်သမျှကို ဗုံးကြဲလာနိုင်တယ်ပေါ့နော်။ အဲဒီအန္တရာယ်ကနေလွတ်ဖို့ရွာသားတွေက ကြိုတင်ပြင်ဆင်ထားကြဖို့။လေကြောင်းတိုက်ခိုက်လာရင် အိမ်တွေနဲ့အနီးမှာ ရှိမနေကြဖို့လိုတယ်လို့ သတိပေးသွားပါတယ်"ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း တောင်ကုတ် - သံတွဲ ကားလမ်းကြားမှ ကျေးရွာတစ်ရွာကိုရက္ခိုင့်တပ်တော်က သတိပေးခြင်းရှိခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအမည်ကိုနိရဥ္စရာအနေဖြင့် ဖော်ပြနိုင်ခြင်းမရှိပေ။

နောက်ထပ်ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း" အခုလေကြောင်း တိုက်ခိုက် လာနိုင်တယ်လို့ သတိပေးထားတာဟုတ်ပါတယ်။တချို့ဗုံးခိုကျင်းတွေတူးတာတွေလည်း ရှိပါတယ်။တချို့ကလည်းရွာကပြေးလို့၇အောင် အထုပ်အပိုးတွေနိုင်သလောက် ကြိုတင် ပြင်ဆင်ထားကြတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့သည် စစ်ကောင်စီ၏ စကခ(၅) တည် ရှိရာ ခရိုင်မြို့တစ်မြို့ဖြစ်ပြီးစကခ(၅) လက်အောက် ခံတပ်ရင်းရင်းများဖြစ်သည့် ခမ၇ ၅၄၄၊ ခမ၇ ၃၄၆ နှင့်တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းတို့ရှိသည်။

ဖေဖော်ဝါရီလ ၈ ရက်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ တောင်ကုတ်မြို့နယ်ထဲ၊ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများကပြောသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင်လည်း တောင်ကုတ်မြို့နယ်၊ပေါက်အင်း ကျေးရွာ အနီးကိုဂျက်ဖိုက်တာလေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိ၇သည်။

တောင်ကုတ်မြို့ကို ရက္ခိုင့်တပ်တော်(AA)ဝင်တိုက်မည်ဟု ပြီးခဲ့သည့်ဇန်နဝါရီလထဲက သတင်းများ ထွက်ပေါ်ပြီးနောက်မြို့ခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့ကြသည်။

တိုက်ပွဲဖြစ်လာလျှင် အကာကွယ်ရရန် မြို့ခံများကဗုံးခိုကျင်းတူသည်ကိုလည်း စစ်ကောင်စီက တားမြစ်ထားသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့၏ ကုန်းလမ်းရေလမ်းအထွက်အဝင်လမ်းဟူသမျှကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားဆဲဖြစ်ပြီး ဒေသခံများ၏ကုန်စည်တင် စက်လှေတချို့ကိုလည်း ဖမ်းဆီးမှုများရှိနေကြောင်းသိ၇သည်။

"ဒီနေ့တောင်ကုတ်မြို့မှိုဟင်းတောရွာနဲ့ တောင်ရွာကျေးရွာကို ပို့နေတဲ့ ကူးတို့လှေကို စစ်ကောင်စီကဖမ်းခေါ်ထားပြီး ခရီးသွား စက်လှေတချို့ကို ဖမ်းဆီးထားတယ်လို့သိ၇ပါတယ်" ဟုတောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၁၇ ရက်၊ညအချိန်က တောင်ကုတ်မြို့နယ်၊တပျော့ကျေးရွာအနီး ကားလမ်းမတွင် စစ်ကောင်စီယာဥ်တန်းကို AA ကမိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA)သည် ရခိုင်ဒေသတိုက်ပွဲစတင်သည့် နိုဝင်ဘာလထဲကပင် စစ်ကောင်စီ စခန်းစွန့်ခွာထွက်ပြေးသွားသည့်တောင်ကုတ်ခရိုင်ထဲမှ တန်းလွဲရွာမမြို့နှင့် လမူးတိုက်နယ်ရဲစခန်းတို့ကိုထိန်းချုပ်ထားသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင် နယ်မြေဖြစ်သည်အထိထိုးစစ်ဆင်သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း စစ်ရေးသတင်း ထုတ်ပြန်ချက်တိုင်းလိုလိုတရားဝင်ပြောဆိုထားသည်။(NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.