တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မအီမြို့မရဲစခန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်စဥ် တံတားနှစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည် ၊ တောင်ကုတ်ခရိုင်၊ မအီမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက စခန်းစွန့်ခွာတပ်ဆုတ်သွားပြီး မအီတံတားကြီးနှင့် ကျောက်ကြီးပေါက်တံတားတို့ကို မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း မြို့ခံများကပြောသည်။

မအီ- ပြင်ဝန်းဆက်သွယ်ထားသည့် တံတားကြီးအား ယမန်နေ့ည ၉ နာရီနောက်ပိုင်း မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ကျောက်ကြီးပေါက်တံတားကို ယနေ့ဖေဖော်ဝါရီလ ၁၇ ရက် နံနက် အစောကြီးတွင်မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မအီ မြို့ခံများကပြောသည်။

" ရဲစခန်းက ကောင်တွေအကုန်တပ်ဆုတ်သွားတာတော့ဟုတ်ပါတယ်။ ညဘက်က မအီတံတားကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေက သူတို့မသွားခင် တံတားကို မိုင်းခွဲ ပစ်ခဲ့တယ်" ဟု မအီမြို့ခံတစ်ဦးကပြောသည်။

ယနေ့မနက်ပိုင်းတွင် မအီတံတားကြီး တံတားအလယ်မှ ထက်ပိုင်းကျိုးကျပျက်စီးနေသည့် ရုပ်သံဖိုင်နှင့် ဓာတ်ပုံများလည်းထွက်ပေါ်လာခဲ့သည်။

တောင်ကုတ်ခရိုင်ထဲမှ မြို့နယ်ခွဲတစ်ခုဖြစ်သည့် မအီမြို့တွင် စစ်ကောင်စီ၏ မအီမြို့မရဲစခန်း နှင့် ဇီးဇံတောင်ဗျူဟာတို့ရှိပြီး ယမန်နေ့ညက မအီမြို့မ ရဲစခန်းမှ စစ်ကောင်စီအဖွဲ့ဝင်များအားလုံး တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

" ဇီးဇံတောင်ဗျူဟာမှာတော့ စစ်သားတွေရှိသေးတယ်။ တပ်အင်အားလည်းထပ်ဖြည့်ထားတယ်လို့ သိရတယ်။ " ဟု မအီမြို့ခံလူငယ်တစ်ဦးကပြောသည်။


တပ်ဆုတ်သွားသည့် စစ်ကောင်စီအဖွဲ့များသည် မအီ- ကျောက်ဖြူလမ်းမကြီးအတိုင်းဆုတ်ခွာသွားပြီး ယနေ့ဖေဖော်ဝါရီလ ၁၇ ရက် မနက် အစောကြီးက ကျောက်ကြီးပေါက်တံတားကိုလည်း မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း မြို့ခံများကပြောဆိုကြသည်။

ကျောက်ကြီးပေါက်တံတားကျိုးကျပျက်စီးနေသည့်ဓာတ်ပုံများလည်း အွန်လိုင်းတွင်ပျံ့နှံလာခဲ့သည်။

" ရဲစခန်းမှာတော့ဘယ်သူမှမရှိကြတော့ပါဘူး။ အားလုံးဆုတ်သွားကြပြီ။ မအီတံတားကြီးလည်း ပျက်စီးသွားပြီ။ ကျောက်ကြီးပေါက်တံတားလည်းဖျက်ဆီးခံလိုက်ရတယ်။" ဟု မအီမြို့ခံ အမျိုးသမီး ငယ်တစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းက မအီတံတားကြီးမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မအီတံတားကြီးအနီးမှ နေအိမ်တချို့ ထိမှန် ပျက်စီးခဲ့ပြီး လူလည်းထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။

လက်ရှိတွင် မအီမြို့မရဲစခန်းမှ တပ်ဆုတ်သွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မအီ- ကျောက်ဖြူ လမ်းပိုင်း စနဲပေါက်ကျေးရွာအနီးမှ ရာဘာခင်းဘက်သို့ရောက်ရှိနေကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ