ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်ရှိ စစ်တပ်မိသားစုဝင်အများအပြားကို AP-01 သင်္ဘောဖြင့် အပြည့်တင်ကာ သံတွဲဘက်သို့ ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 10.2k

ရက္ခိုင့်တပ်တော် ( AA)နှင့် စစ်ရေးတင်းမာနေသည့်  ကျောက်ဖြူမြို့နယ်ထဲတွင် ရှိသမျှတပ်ရင်းများမှ စစ်တပ်မိသားစုဝင်​ အများအပြားကို ဓည၀တီ ရေတပ်စခန်းတွင်စုပြီး ယနေ့နေ့လယ်ပိုင်းက AP-01 သင်္ဘောကြီးဖြင့် အပြည့်တင်ယူကာ သံတွဲဘက်သို့ ရွှေ့ပြောင်း သွားခဲ့ကြောင်း သတင်းရရှိသည်။

မျက်​မြင်ဒေသခံတစ်ဦး က  " ဒီနေ့မနက် ၇ နာရီလောက်မှာ AP-01 စစ်သည်တင်ရေယာဉ် သင်္ဘောကြီးတစ်စင်း ကျောက်ဖြူ ဓည၀တီ ရေတပ်စခန်းကို ဝင်တယ်။ ပြီးတော့ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေ၊ မြို့နယ်တွေမှာရှိတဲ့ တပ်ရင်းတွေ၊ ရေတပ်တွေက စစ်တပ်မိသားစုတွေကို တစင်းလုံး အပြည့်တင်ပြီးတော့ ဓည၀တီရေတပ် စခန်းကနေ သံတွဲဘက်ထွက်သွားတယ်။ နေ့လယ် ၁၂ နာရီလောက်မှာထွက်သွားတယ်" ဟု သူကပြောသည်။

ယနေ့ မနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်တပ်ရင်းများနှင့် မြို့နယ်အတွင်းရှိ မဒေးကျွန်း၊ ငလပွေ့ အပါအဝင် စစ်ကောင်စီမိသားစုဝင်များအားလုံးကို ဓညဝတီရေတပ်ဌာနချုပ်သို့ ဇက်ရေယာဉ်များဖြင့် ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

လက်ရှိပြောင်းရွှေ့သွားသူများမှာ မြို့ပေါ်တပ်ရင်းများဖြစ်သည့် ခမရ ၅၄၃၊ ခမရ ၅၄၂၊ ခလရ ၃၄၊ ဓညဝတီရေတပ်ဌာနချုပ်၊ အုန်းဂျိန်ရေတပ်၊ မဒေးကျွန်းမှလုံခြုံရေးတပ်ရင်း တပ်ဖွဲ့မိသားစုများ၊ ငလပွေ့ဆိပ်ကမ်းမှ စစ်တပ်မိသားစုဝင်များဖြစ်ကြောင်းသိရပြီး သင်္ဘောပေါ်တွင် လူပေါင်းရာနှင့်ချီပါသွားကြောင်း ၎င်းက ပြောသည်။

" အခုယူသွားတဲ့ သင်္ဘောတစ်စီးက နည်းတာမဟုတ်ဘူး။ ကျောက်ဖြူမှာရှိသမျှတပ်ရင်းတပ်ဖွဲ့ မိသားစုအကုန်လုံး သယ်ယူသွားလို့ရတဲ့အနေအထားရှိတယ်လေ။ အခုလည်း ကလေးသူငယ်၊ အမျိုးသမီးတွေအားလုံးပါသွားတယ်" ဟု မျက်မြင်ကျောက်ဖြူဒေသခံလူငယ်တစ်ဦးကပြောသည်။

ယခုကဲ့သို့ မိသားစုများကို ပြောင်းရွှေ့သွားခြင်းမှာ ရက္ခိုင့်တပ်တော် (AA)က ကျောက်ဖြူမြို့နှင့် ဓည၀တီရေတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာ ကုလဘာ၊ ငှက်ပျောချောင်းကျေးရွက်ဘက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၄ ရက်ထိတိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတစ်လျှောက် စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရများခဲ့ပြီး သေဆုံးခဲ့သည့် စစ်သားများကို ကျောက်ဖြူသုသာန်တွင်လုံခြုံရေးအပြည့်ယူ၍သဂြိုလ်ခဲ့ရသလို ဒဏ်ရာရ စစ်သားများကိုလည်း ခလရ ၃၄ တပ်ရင်းထဲမှ ဆေးရုံသို့စစ်ကားများဖြင့်အပြည့်တင်ကာ ၄ ခေါက်ထက် မနည်းပြန်သယ်ယူခဲ့ရကြောင်း မျက်မြင်မြို့ခံများ၏ပြောပြချက်အရသိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် (၁၂) နာရီအချိန်မှ ညနေ (၅) နာရီ (၂၈) မိနစ်အချိန်ထိ ကျောက်ဖြူ မြို့နယ် အခြေစိုက် “ခမရ (၅၄၂) ဗျူဟာကုန်း” နှင့် "အမှတ် (၃၂) ရဲတပ်ရင်း” တို့မှလည်း ကျောက်ဖြူ မြို့နယ်၊ ဂုံးချိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာ နှင့် အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီး များဖြင့် အကြိမ်ပေါင်း (၆၀) ထက်မနည်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။(NN-23)

ပုံစာ- ယနေ့နေ့လယ်က စစ်ကောင်စီမိသားစုများကို တင်ဆောင်ပြီး ထွက်ခွာသွားသည့် AP-01 သင်္ဘောကို တွေ့ရစဉ်

ဆက်စပ် သတင်းများ