တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးအပြင်းအထန်လောင်ကျွမ်း


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြားတိုက်ပွဲ ဖြစ်ပွားနေပြီး  စစ်ကောင်စီ၏ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်တွင် ထပ်မံပြီး မီးအပြင်း အထန်လောင်ကျွမ်းနေကြောင်း သိရသည်။

ရမ်းဗြဲမြို့ သိမ်‌တောင်ကုန်းနှင့် ကိုယ်ရံတော်‌တောင် အနီးဝန်းကျင်တွင် ဇန်နဝါရီ  ၂၄ ရက် နံနက်ပိုင်းမှ စတင် ပြီး ရက္ခိုင့်တပ်တော်နှင့်  စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီက ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်‌ နေ့စဉ် နေ့တိုင်း ဗုံးကြဲ တိုက်ခိုက်နေပြီး ယနေ့တွင် ထပ်မံပြီးလေယာဉ်ဖြင့် ဗုံးကြဲ၍  မီးအကြီးအကျယ် လောင်နေသည်ဟု ရမ်းဗြဲမြို့ခံများက ပြောသည်။

"မနက်ကတည်းက ဂျက်ဖိုက်တာတွေ၊ ရဟတ်ယာဥ်တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲနေတာ။ အတွဲလိုက် စက်သေနတ်တွေနဲ့ ဘယ်ကိုပစ်လို့ပစ်မှန်းမသိ ပစ်တာ။ ၁၂ နာရီကျော်ကတည်းက မီးလောင်တာပါ။ အမှတ်(၄) ကင်းတဲ၊အလယ်စု ချောင်းကမ်းနားတစ်လျှောက်မှာ လောင်နေပါတယ်။ မီးသတ်တာတောင် သတ်လို့မနိုင်တဲ့ အခြေအနေပါ"ဟု ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင်လည်း မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း စစ်ကောင်စီက လေကြောင်းဖြင့် မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ်(၄)ကင်းတဲ၊ အလယ်စု ချောင်းကမ်းနားတန်းတစ်လျှောက် မီးအပြင်းအထန်လောင်ကျွမ်းခဲ့ကြောင်း ရမ်းဗြဲမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

နံနက် ၁၁ နာရီမှ ညနေ ၅နာရီခန့်အထိ ဆက်တိုက်ဗုံးကြဲနေပြီး ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကလိန်တောင်မြစ်ရှိ ဇက်နေဗီမှ လက်နက်ကြီးပစ်ကူကြောင်း သိရသည်။

နောက်ထပ် ရမ်းဗြဲဒေသခံတစ်ဦးက "အမ်းဘက်က လာလိုက်ပစ်လိုက်နဲ့ အကြိမ်အရေအတွက်ကိုတောင် မသိရတော့ဘူး။ တကယ်အရမ်းကြောက်စရာကောင်းပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာလည်း အပြင်းအထန်ကိုပဲ ရော့ကတ်အတွဲလိုက်တွေနဲ့ကိုကြဲချတာ။ တစ်နာရီလောက် အတွင်း ကြိမ်ပေါင်းများစွာလာကြဲချတာ"ဟု ညနေ ၅ နာရီကျော်ခန့်က နိရဥ္စရာကို ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲမှု၊ ရေကြောင်းမှလက်နက်ကြီးပစ်ခတ်မှုများကြောင့် ရမ်းဗြဲမြို့ပေါ် နှင့် အနီးအနားကျေးရွာများတွင် အကြိမ်ကြိမ်မီးလောင်မှု၊ ထိခိုက်ပျက်စီးမှုများရှိပြီး ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများအပါအဝင် လူနေအဆောက်အအုံများ ၈၀ ရာခိုင်နှုန်း ပျက်စီးသွားပြီဟု သိရသည်။

စစ်ကောင်စီသည်  စစ်ပွဲနှင့် မသက်ဆိုင်သည့် ရမ်းဗြဲမြို့ လူနေရပ်ကွက်များအား လေယာဉ်များဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည့်အပြင် ရမ်းဗြဲမြို့ လူနေရပ်ကွက်ကျေးရွာများအား ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။(NN-7)

ဆက်စပ် သတင်းများ