ရခိုင်ဒေသတွင် စစ်ကောင်စီသည် စစ်ရှုံးရန် လက်တစ်ကမ်းအလိုသို့ရောက်ရှိနေပြီဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ညက ထုတ်ပြန်ချက်အထဲတွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အထဲတွင် “ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီသည်စခန်းတစ်ခုပြီး တစ်ခု လက်လွှတ် ဆုံးရှုံးနေရသည့်အပြင် အခြားသောစခန်းများမှာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်း အနေအထားသို့ ရောက်ရှိလျက်ရှိသည်”ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏စစ်ရေးအရနှင့် မဟာဗျူဟာအရ အရေးပါသည့် စခန်းကြီး၊ စခန်းငယ်များမှာလည်းမနှေးမကြာ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေ၇သည်ဟု ပြောဆို လိုက်သည်။
ထို့အပြင် လက်နက်ချအညံ့မခံသောစခန်းတိုင်းကိုလည်းရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသောကြောင့်ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တစ်ပြိုင်နက်တည်းတွင်ခုခံစစ်ကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်အားကုန်းလမ်းများမှနေ၍အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကိုအကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအားဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများကို ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့သည်ဟု ပြောဆိုထားသည်။
ဤသည်မှာစစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင်ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၆) ရက်၊ ည (၉)နာရီ (၂၅) မိနစ်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁ရ) ရက်၊နံနက် (၂) နာရီ (၅၃) မိနစ်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိမအီမြို့အနီးတွင်ရှိသည့် အခြားသောတံတားတစ်စင်းဖြစ်သော “ကျောက်ကြီးပေါက်တံတား”အားလည်းကောင်း ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ“မအီတံတား” အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ်မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့ အထက်တန်းကျောင်းအပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ သည်။
ထို့အပြင်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်း ကျေးရွာနားရှိ စစ်တွေမြို့အဝင်မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဤတံတားများမှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်အဓိကအားကိုးအားထားသွားလာနေ၇သည့် တံတား များ ဖြစ်သည်ဟု ဖော်ပြထားသည်။