တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရသေ့တောင်တွင် တိုက်ပွဲဖြစ်၊ ကမ်းထောင်းကြီးမြို့ကို လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရ၊ ရမ်းဗြဲမြို့တွင် လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရသေ့တောင်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး မြေပုံမြို့နယ် ကမ်းထောင်းကြီး မြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရမ်းဗြဲမြို့ လေယာဉ်ဖြင့် ဗုံးကြဲ၍ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးသွားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယမန်နေ့က  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် ဖေဖော်ဝါရီ ၁၇ ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၆ ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် နှစ်ဖက်ရင်ဆိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ  သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိခဲ့သည်ဟု သိရသည်။ 

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုလည်း စစ်ကောင်စီတပ်က တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ  ယခုလ ၁၆ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသွားသူများမှာ ကမ်းထောင်းကြီးမြို့၊ င/နှောင်းပြင်ရပ်ကွက်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် ရွာသာယာရပ်ကွက်မှ ‌အမျိုးသား (၁) ဦးတို့ ဖြစ်ကြသည်။

၎င်းပစ်ခတ်မှုကို အမ်းမြို့နယ်၊ ကဇူးကိုင်း‌ကျေးရွာ အရှေ့ဘက် မီတာ (၁၄၀၀) ကျော်အကွာအဝေးရှိ တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ “ခမရ (၅၄၃) တပ်ရင်း” မှ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ ည (၈) နာရီ (၅၀) မိနစ်အချိန်ခန့်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး  လက်နက်ကြီး (၂) လုံးကို  ကမ်းထောင်ကြီးမြို့သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ဖက်ဆစ်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက် ပြုလုပ်လာခဲ့ပြီး ယမန်နေ့ကလည်း ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် အမှတ် (၄) ကင်းတဲ ရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရမ်းဗြဲမြို့အား ဖေဖောဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊  ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် (၉) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၎င်းပြင်  ဖေဖော်ဝါရီလ (၁၆) ရက်၊ ည (၉) နာရီ (၂၅) မိနစ်တွင်မအီမြို့အနီးရှိ “ မအီတံတား” အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၂) နာရီ (၅၃) မိနစ်တွင် မအီ-ကျောက်ဖြူ ကားလမ်းမထက်ရှိ “ကျောက်ကြီးပေါက်တံတား” အားလည်းကောင်း စစ်ကောင်စီတပ်က မိုင်းခွဲ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ “မအီတံတား” အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့ အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၁၃ နိုဝင်ဘာ ၂၀၂၃
အင်တာဗျူး