သောကြာ၊ မေလ ၂၄ရက်၊ ၂၀၂၄

ရန်ကုန်တွင် အဆောင်တစ်ခုမှ ရခိုင်အမျိုးသမီး ၅ ဦးဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်ဦးကို အရပ်ပေမမီဟုဆိုကာ ပိုက်ဆံပေးပြန်လွှတ်၊ ကျန် ၄ ဦးကို မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရသေး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 9.6k

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊  ထန်းခြောက်ပင်မှ အဆောင်နေ ရခိုင်အမျိုးသမီးငယ် ၅ ဦးအား ညအချိန် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးကို အရပ်ပုနေ၍ ပြန်လွှတ်လိုက်ပြီး ကျန် ၄ဦးမှာ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ ပျောက်ဆုံးနေကြောင်း သူတို့နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ဒီလ ၁၆ ရက် ည ၁၂ နာရီ အချိန်မှာ အဆောင်ကို ဝင်ဖမ်းတာပါ။ ဧည့်စာရင်းစစ်သလိုနဲ့ စစ်သားတွေ ကား ၅ စီးနဲ့ ဝင်ဖမ်းတာ။  ရခိုင်က မိန်းခလေး ၅ ဦးပါသွားတယ်။ တစ်ဦးက အရပ် ၄ပေ ၇ လက်မ ဖြစ်နေတော့ အရပ် ပေမမီဆိုပြီး ပယ်လိုက်တယ်။  ဒါတောင်  ပိုက်ဆံ နှစ်သိန်းပေးပြီးမှ  ပြန်လွှတ်ပေးတာ။ ကျန်မိန်းခလေး ၄ ဦးက အရပ် ၅ ပေ ၂ လက်မ၊ ၅ပေ  ၃လက်မဖြစ်နေတော့ ခေါ်ထားလိုက်တယ်။ အခု ဘယ်ကို ခေါ်သွားမှန်း မသိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းပြန်လွှတ်လာသည့် အမျိုးသမီးငယ်က အိမ်ကို ဖုန်းအဆက်အသွယ်လုပ်ပြီး ငွေ ၂သိန်း ပေးပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အဆက်အသွယ်မရ ပျောက်ဆုံးနေသူ အမျိုးသမီးငယ် ၄ ဦးမှာ ကျောက်တော်မြို့ပေါ်က ၁ ယောက်၊ မင်းပြားမြို့နယ်  ကသိမ်က   ၂ ယောက်နှင့် ရသေ့တောင်မြို့နယ် လောင်းချောင်းရွာက ၁ ယောက် တို့ ဖြစ်ကြောင်း သိရသည်။

“ အခု ကျန်နေတဲ့ မိန်းခလေး ၄ ဦးကို ဘယ်ကို ခေါ်သွားမှန်းမသိဘူး။ သူတို့နဲ့ အဆက်အသွယ်မရဘူး။ သူတို့ရဲ့ ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ သိရပါတယ်။ အခု သူတို့နဲ့ အဆက်အသွယ်မရ ဖြစ်နေတဲ့ အတွက်  အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့သူတွေကို ဆီပူနဲ့လောင်းတယ်လို့လည်းကြားရပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရွှေပြည်သာမြို့နယ်မှ လူအများအပြားကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် ရခိုင်မှ အမျိုးသမီးအများဆုံးဖြစ်ပြီး ၎င်းတို့မှာ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

“ ဖမ်းဆီးခံရပြီး ကားပေါ်တင်လာသူတွေက အများကြီးဘဲလို့ လွှတ်လာတဲ့ မိန်းခလေးပြောလို့ သိရပါတယ်။ တခြားနေရာအဆောင်တွေကပါတယ်။ ပါလာတဲ့အချုပ်ကား ၅ စီးထဲမှာ အပြည့်ပဲတဲ့။ ကျားမ ရောထွေးတင်လာတယ်လို့ သိရတယ်။  မိန်းခလေးတွေအထဲမှာတော့ ရခိုင်အမျိုးသမီးတွေက အများဆုံးဖြစ်ပါတယ်။ အမျိုးသားတွေအထဲမှာတော့ ကျန်တဲ့ လူမျိုးတွေများတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ယခုဖမ်းဆီးမှုမှာ ဖေဖော်ဝါရီ ၁၀ ရက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးခြင်း ဖြစ်သဖြင့် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။

၎င်းပြင်စစ်ကောင်စီသည် ရခိုင်လူမျိုးများကို ပစ်မှတ်ထားပြီး ဖမ်းဆီးမှုများရှိနေပြီး အထူးသဖြင့် ရခိုင်ဘုန်းတော်ကြီးကျောင်းများကို ပစ်မှတ်ထားပြီး ညအချိန် ဝင်ရောက် စီးနင်းကာ ဖမ်းဆီးမှုများရှိနေကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။

လက်ရှိ ရန်ကုန်တွင် အလုပ်လာလုပ်သူ ရခိုင်လူငယ် လူရွယ်များအနေဖြင့် စစ်မှုထမ်း ဥပဒေကြောင့် အထူးစိုးရိမ်စရာဖြစ်နေပြီး ရန်ကုန်မှ ရခိုင်သို့ ပြန်ရန်မှာလည်း ကုန်လမ်း၊ ရေလမ်းကို ပိတ်ထားသဖြင့် လေကြောင်း တစ်လမ်းကိုသာ အားကိုးနေရသည်ဟု သိရသည်။ လေကြောင်းဖြင့်ပြန်ရန်မှာလည်း  သွားလာသူများပြားပြီး လေယာဉ်လက်မှတ်ရရှိရန် ခက်ခဲမှုနှင့် လေယာဉ်လက်မှတ် စျေးနူန်းခ ကြီးမြင့်နေကြောင်း အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။( Photo: Mekong News)

ဆက်စပ် သတင်းများ