ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရန်ကုန်မှ လေယာဉ်ဖြင့် ပြန်လာသည့် ခရီးသည်အများအပြား စစ်တွေလေဆိပ်အရောက်တွင် ဖမ်းဆီးစစ်ဆေးခံနေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 6.6k

ရန်ကုန်မှ စစ်တွေမြို့ကို ပြန်လာသည့် ခရီးသည်အများအပြားကို စစ်တွေလေဆိပ်အရောက်တွင် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ယနေ့ဖေဖော်ဝါရီလ၁၉ရက်နေ့နံနက် ၉နာရီတွင် ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းမှ စစ်တွေလေဆိပ်သို့ဆင်းသက်လာသည့် လေယာဉ် ၅ စီးခန့်မှ  လူငယ်အများအပြား အပါအဝင် ခရီးသည်များကို စစ်တွေလေဆိပ်မှ ရဲနှင့် စစ်သားများမှ စစ်‌ဆေးရန် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" တူလေးတစ်ယောက်ပါသွားပါတယ်။ ပေါက်တောကပါ။ မန်းရတနာလေကြောင်းနဲ့ လာတာပါ။ အသက်က ၁၈နှစ်ပါ။ အလည်သွားတာပါ ကျောင်းကိစ္စ စုံစမ်းယင်း။ မနက်ကတည်းက စစ်ဆေး ခံနေရတာပါ။ အစိုးရဝန်ထမ်းတွေကိုလွတ်ပေးလိုက်တယ်လို့သိရတယ်။ ညနေ ၃နာရီထိ သိရသလောက် ပြန်မလွတ်သေးပါဘူး။ ခုချိန်ထိမဆက်သွယ်လာသေးပါဘူး" ဟုပြောသည်။

၎င်းလေယာဉ်ခရီးသည်များကို စစ်တွေမြို့၊လောကာနန္ဒာဘုရားရှိဓမ္မာရုံသို့ခေါ်ယူစစ်ဆေးနေသည်ဟု ၎င်းကပြောသည်။

" ကျနော်သိရသလောက်ဒီနေ့ဆင်းသက်လာတဲ့ လေယာဉ် ၅စီးကလူတွေတဲ့ အများကြီး ဖြစ်မယ်ထင်တယ်။  အခုထိ လူပေါင်း ၂၀၀ လောက်တော့ ကျန်နေသေးတယ်လို့ ကြားရပါတယ်။ လောကာနန္ဒာ ဘုရားဓမ္မာရုံမှာ စစ်ဆနေတယ်။ ဘာကြောင့်မှန်းမသိပါဘူး" ဟုပြောသည်။

ဖမ်းဆီးခံရသူများကို သန်းခေါင်စာရင်းမိတ္တူများစစ်ဆေးပြီး၊တစ်ချို့ကို မိမိသွားမည့် ရပ်ရွာ နေရပ်လိပ်စာများကိုမေးမြန်းစစ်ဆေးပြီး လွတ်ပေးသူများရှိသလို ငွေတောင်းမှု များလည်းရှိသည်ဟု သတင်းများလည်းထွက်ပေါ်နေသည်။

စစ်တွေမြို့ခံအစိုးရဝန်ထမ်းတစ်ဦးက " ရန်ကုန်ကလာတဲ့သူတွေထဲမှာ အေအေပါတယ်ထင်လို့ စစ်တာနေမှာ။ တစ်ချို့ကို ကိုယ်သွားမဲ့နေရပ်တွေကိုမေးပြီး အတိကျဖြေနိုင်တဲ့သူကိုလွတ်တေလို့လည်း ကြားမိတယ်။ အတိကျတော့ကျနော်တို့လည်းမသိရဘူး" ဟုပြောသည်။

လက်ရှိ အချိန်ထိ ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၀၀ ခန့်ရှိနေပြီး ယနေ့ ညပိုင်းတိ မလွတ်သေးကြောင်းနှင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၅ နာရီကလည်း မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ကျောက်ဖြူလေယာဉ်ကွင်းသို့ဆင်းသက်ပြီးနောက် လေယာဉ်ပေါ်ပါလာသည့် ခရီးသည် ၆၇ ဦးတို့အား စစ်တပ်နှင့်ထွေအုပ်တို့က Dyna (ဒိုင်နာ)ကားတစ်စီးအပါအဝင် ကားများဖြင့် မြို့တော်ခန်းမသို့ ခေါ်ယူသွားကြောင်း သိရသည်။(NN-11) 

ဆက်စပ် သတင်းများ