Preview

ကျောက်ဖြူတွင် စစ်တပ်ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား

ဖေဖော်ဝါရီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :4464
ရခိုင် သတင်း

(လေယာဉ်စီးခရီးသည်များအား ထပ်မံဖမ်းသဖြင့် အရေအတွက် ၁၀၀ ကျော်ရှိလာ)

ရခိုင်ပြည်၊ကျောက်ဖြူမြို့တွင် စစ်တပ်ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှလူငယ်တစ်ဦးမှာ မိမိကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

သေကြောင်းကြံစည်ခဲ့သူမှာအသက် ၂၀ ဝန်းကျင်အရွယ်ရှိ ရမ်းဗြဲဇာတိလူငယ်တစ်ဦးဖြစ်ပြီး၄င်း၏ ဖုန်းထဲမှ ရက္ခိုင့်တပ်တော်နှင့်ပတ်သက်သည့်အထောက်အထားများတွေ့၍ဟုဆိုကာ လက်ထိပ်ခတ် ဖမ်းဆီးခံထားရသူဖြစ်ကြောင်းသိ၇သည်။

သူသည်ယနေ့နေ့လယ်က လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအလစ်တွင်ခတ်ထားသည့် လက်ထိပ်နှင့် လျှပ်စစ်မီးပလတ်ပေါက်ကို ထိုးထည့်ကာ မိမိကိုကိုယ်သတ်သေရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်းခိုင်လုံသည့် မြို့ခံသတင်းရင်းမြစ်ကနိရဉ္စရာသို့ပြောသည်။

" အဲဒီကောင်လေးကဖုန်းကိုစစ်တာမှာ AA နဲ့ပတ်သက်တဲ့ အထောက်အထားတွေ့လို့ဆိုပြီးလက်ထိပ်ခတ်ပြီး ဖမ်းထားတယ်။ အဲဒါအခုနေ့လယ်ပိုင်းကလက်မှာ ခတ်ထားတဲ့လက်ထိပ်နဲ့ ပလတ်ပေါက်ထဲ အတင်းထိုးထည့်ပြီးသတ်သေဖို့ကြိုးစားတာ။ အနားမှာရှိတဲ့ ဖမ်းဆီးခံထားရတဲ့ ခရီးသည် ကောင်မလေးတွေက မိန်းခလုတ်ကိုအတင်းလိုက်ချလိုက်လို့မသေသွားတာပါ" ဟုသတင်းရင်းမြစ်က ပြောသည်။

အဆိုပါလူငယ်မှာလျှပ်စစ်ရှော့ခ်ရိုက်၍ သေကြောင်း ကြံစည်ရန် နှစ်ကြိမ်တိတိကြိုးစားခဲ့ပြီးအနားတွင်ရှိသည့် ဖမ်းဆီးခံလူငယ်များကအချိန်မီ မိန်းခလုတ်ချ၍ကယ်တင်နိုင်ခဲ့ကြောင်းလည်းသူကပြောသည်။

ယင်းနောက်စောင့်ကြပ်နေသည့် ရဲနှင့်စရဖများက သိသွားရာ ယခုညနေ ၅ နာရီလောက်တွင်စစ်တပ်ကမြို့တော်ခန်းမကို လုံခြုံရေးအပြည့်ချထားလိုက်ကြောင်းလည်းမျက်မြင်မြို့ခံများက ပြောသည်။

၎င်းလူငယ်မှာ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်၊ ကြိမ်တန်းချောင်းရွာဇာတိ မောင်နေဇော်မင်း (၂၃) ဖြစ်ပြီး ၎င်းလူငယ်ကို  လက်ထိပ်ခတ်ပြီး ကျောက်ဖြူ ခလ၇ (၃၄) သို့ ယနေ့ ညနေ ၅ နာရီကျော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိ၇သည်။

ယမန်နေ့ညနေပိုင်းကရန်ကုန်မှ ကျောက်ဖြူလေဆိပ်သို့ဆင်းသက်လာသည့် လေယာဥ်တစ်စီးပေါ်မှခရီးသည် လူငယ် ၆၇ ဦးကို စစ်တပ်နှင့်ထွေအုပ်က လေဆိပ်မှစောင့်ကြပ်ဖမ်းဆီးကာကျောက်ဖြူမြို့၊ ရမ္မာ၀တီမြို့တော်ခန်းမတွင် စစ်ဆေးနေခြင်းဖြစ်သည်။

ဖမ်းဆီးခံ၇သူလူငယ်များထဲ အမျိုးသမီးငယ်များလည်း ပါဝင်ပြီးအသက် ၁၈ နှစ်မှ ၂၅ နှစ်ဝန်းကျင်လူငယ်အများစု ပါဝင်ကြောင်းသိ၇သည်။

ယင်းအထဲမှအိမ်ထောင်စုစာရင်းအထောက်အထားများပြနိုင်သူ လူငယ်များကိုပြန်လွှတ်ပေးမည်ဟုယမန်နေ့ကပြောဆိုခဲ့သော်လည်း ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူ လူငယ်တစ်ဦး ပါသည်ဟု ဆိုကာ မည်သူ့ကိုမျှပြန်မလွှတ်ဘူးဟုပြောဆိုပြီး စစ်တပ်ကလုံခြုံရေး အပြည့်ချ စောင့်ကြပ်နေကြောင်း နိရဉ္စရာ၏သတင်းရင်းမြစ်ကပြောသည်။

ယနေ့တွင်လည်းကျောက်ဖြူလေဆိပ်သို့ဆင်းသက်လာသည့်လေယာဥ်ပေါ်မှ လူငယ်များကို ထပ်မံဖမ်းဆီးပြီးရမ္မာ၀တီခန်းမသို့ခေါ်ဆောင်လာရာ ဖမ်းဆီးခံထား၇သူလူငယ်စုစုပေါင်း၁၀၀ ကျော်ရှိနေပြီဟု ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်လေယာဥ်ပေါ်မှဆင်းဆင်းချင်း ခရီးသည်များ၏ ဖုန်းများကို အတင်းအဓမ္မ စစ်ဆေးခြင်းများပြုလုပ်နေကြောင်းလည်းသူကပြောသည်။

ထို့ကြောင့်ပြည်မမှ ရခိုင်သို့လေကြောင်းဖြင့်ပြန်လာမည့် ရခိုင်လူငယ်များ၊ ခရီးသည်များအနေဖြင့်မိမိတို့၏ ဖုန်းထဲတွင်ရက္ခိုင့်တပ်တော်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ရမည်ရှာ ဖမ်းဆီး နိုင်လောက်သည့်ဓာတ်ပုံများ၊ လူမှုကွန်ရက်မှ မျှဝေသည့်ပို့စ်များ၊ တခြား အထောက်အထား များကို ရှင်းလင်းပြီးမှ လာကြစေလိုကြောင်းလည်းကျောက်ဖြူမြို့ခံသတင်းရင်းမြစ်က သတိပေး တိုက်တွန်း ပြောဆိုသည်။(NN

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.