တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရွှေလှေရဲစခန်းမှ စစ်ကောင်စီတပ်သားများ နေရာရွှေ့ပြီး လမ်းသွားလမ်းလာများကို တင်းကျပ်စစ်ဆေး


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည် တောင်ဘက်ပိုင်း သံတွဲ-တောင်ကုတ် ကားလမ်းကြားမှ ကျေးရွာများကို စစ်တပ်၏ လေကြောင်း ဗုံးကြဲမှုအန္တရာယ်မှ ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ရက္ခိုင့်တပ်တော်က (AA)  သတိပေးထားပြီးရက်ပိုင်းအတွင်း သံတွဲမြို့ ရွှေလှေရဲစခန်းမှ စစ်ကောင်စီ တပ်သားများ နေရာရွှေ့ပြောင်းသွားကြသည်ဟု သိရသည်။

ရွှေလှေရဲစခန်းမှ စစ်သားများသည် တောင်ကုတ်သံတွဲလမ်းမပေါ်ရှိ သံတွဲမြို့ဘက် မကျဉ်းချောင်ရွာ၏   ရသေ့တောင်ခြေရင်းနှင့် ရေစဉ်ကျေးရွာလမ်းခွဲသို့ ပြောင်းရွှေ့ တပ်စွဲထားပြီး လမ်းသွား လမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ရွှေလှေဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သို့ပြော သည်။

“အခုကတော့ရွှေလှေစခန်းကနေ မကျဉ်းချောင်ရွာက ရသေ့တောင် ခြေရင်း၊ ရေစဉ်ကျေးရွာ လမ်းခွဲနားက အဲဒီနေရတာတွေကို ရွှေ့ထားတယ်။ လမ်းမှာလာသမျှလူအားလုံးကိုစစ်နေတာပေါ့။ ဘယ်နေရာက လူရယ်လို့ အတိအကျမဟုတ်ဘူး။ အဓိကမြောက်ပိုင်းက ရခိုင်တိုင်းရင်းသား လေသံမျိုး ဆိုရင်ပိုပြီး ထိထိမိမိစစ်တယ်။ ကားတွေမှာဆိုရင်လည်း ငါးတွေသယ်လာတဲ့ကားဆိုရင် ပိုပြီး တင်းကျပ်တယ်။ ငါးစိမ်းတွေပါလာတဲ့ ကားတွေကို ပိုပြီးထိထိမိမိစစ်တယ်”ဟု ရွှေလှေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကုတ်တပ်မှ တပ်တချို့ကို ရွှေလှေရဲစခန်းအပါအဝင် ဘုန်းကြီးကျောင်းများ သို့ပြောင်းရွှေ့ မည်ဟု ဒေသတွင်း သတင်းများပြန့်နှံနေပြီး ရက္ခိုင့်တပ်တော် မှသံတွဲနှင့်တောင်ကုတ်မြို့များသို့ မကြာခင်ဝင်ရောက်တိုက်ခိုက်တော့မည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်းသိရသည်။

“တောင်ကုတ်တပ်နဲ့ရင်းနှီးတဲ့လူတွေက ကျွန်တော်တို့ရွာတွေမှာရှိတယ်လေ။ တပ်မိသားစုတွေလေ။ သူတို့ဆီကို ရောက်လာတဲ့သတင်းတွေပေါ့။ သူတို့အချင်းချင်းလှမ်းပြောတဲ့သတင်းတွေ”ဟု ရွှေလှေ ဒေသခံတစ်ဦးကပြောသည်။

ရွှေလှေကျေးရွာနှင့် သံတွဲမြို့ကြားတွင် လက်ရှိ စစ်ကောင်စီ၏ မကျဉ်းချောင်ရွာဂိတ်၊ရေစဉ်လမ်းခွဲဂိတ်၊ ဘားတောင် ဂိတ်သုံးဂိတ်အထိရှိလာပြီးတစ်ဂိတ်လျှင် အနည်းဆုံး စစ်သားအင်အားလေးဆယ် ကျော်ရှိကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသော သံတွဲမြို့နယ်၊ ရွှေလှေနယ်မြေရဲစခန်းကို စစ်သားများမှ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြန်တပ်စွဲလျက် ဒေသခံလမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ပြီးနောက် ထပ်မံ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိသံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း ကြီးကြီးမားမား မရှိသေးသော်လည်း စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြင့်ထားကြောင်း သိရသည်။

“ အံတော်တံတားထိပ်က ဘန်ကာတွေမှာတော့ စစ်သားတွေက လာမထိုင်သေးဘူး။ ငပလီကျောင်းအနီး တစ်ဝိုက်မှာ ဘန်ကာအသစ်တွေမှာကင်းပုန်းဝပ်တာရှိတယ်။ နေ့စဉ်မြို့ ပတ်ကင်းလှည့် နေတယ်”ဟု သံတွဲမြို့နန်းချောင်းရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။

တောင်ကုတ်မြို့က စကခ(၅)လက်အောက်ခံတပ်ရင်းများနှင့် ရဲစခန်းတို့အား ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်ထိုးစစ်ဆင်သည်နှင့် စစ်ကောင်စီဘက်က ကျေးရွာမြင်သမျှကို လေကြောင်း ဗုံးကြဲ လာနိုင်သည်ဟု ရက္ခိုင့်တပ်တော်(AA) မှပြည်သူများအားသတိပေးထားသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း တောင်ကုတ် - သံတွဲ ကားလမ်းကြားမှ ကျေးရွာတစ်ရွာကို ရက္ခိုင့်တပ်တော်က သတိပေးခြင်းရှိခဲ့ကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီလ ၈ ရက်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ တောင်ကုတ်မြို့နယ်ထဲ၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင်လည်း တောင်ကုတ်မြို့နယ်၊ ပေါက်အင်း ကျေးရွာအနီးကို ဂျက်ဖိုက်တာလေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

တောင်ကုတ်မြို့ကို ရက္ခိုင့်တပ်တော်(AA)ဝင်တိုက်မည်ဟု ပြီးခဲ့သည့်ဇန်နဝါရီလထဲက သတင်းများ ထွက်ပေါ်ပြီးနောက် မြို့ခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့ကြသည်။ NN-20/ ဓာတ်ပုံ-ဒွါရာဝတီသတင်း

ဆက်စပ် သတင်းများ