တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”အား ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

(ရမ်းဗြဲမြို့ကို ခါတိုင်းနှင့် မတူသည့် ဗုံးများဖြင့် လာရောက်ကြဲချ)

ရက္ခိုင့်တပ်တော်  (AA) သည် မင်းပြားမြို့နယ်၊ ကမ်းနီအနီးရှိ  စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း” အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

၎င်းသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထို့ကြောင့် စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင်း သတင်းဖော်ပြသည်။

“ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” ဟု ခေါ်သော “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” သည် မေလွန်းရွာ အနီးတွင် တည်ရှိသည်။


၎င်းပြင် စစ်ကောင်စီသည်  ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၅) မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသောဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏ တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ