Preview

AA ၏ ထိုးစစ်အတွင်း အင်အား (၁၀၀) အောက်ရှိသော စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရန် ရက်ပိုင်းမျှသာလိုဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

ဖေဖော်ဝါရီ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :7390
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်(AA)၏ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး  ၇ခိုင်ပြည်တွင်အခြေစိုက်ထားသည့်အင်အား (၁၀၀) အောက်ရှိသော စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရန် ရက်ပိုင်းမျှသာ အချိန်လိုသည်ဟုညီနောင်သုံးဖွဲ့၏၁၀၂၇ စစ်ဆင်ရေး ရက် (၁၁ရ) ရက်မြောက်နေ့ (ဖေဖော်ဝါရီ၂၀ရက်) သတင်းထုတ်ပြန်ရာတွင်ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့၏ထုတ်ပြန်ချက်အထဲတွင်“ စစ်ကောင်စီ၏တပ်စခန်းများတွ အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အလုံးစုံသိမ်းပိုက်ရယူနိုင်သည် အထိ မိမိတို့၏ ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလျက်ရှိသည်”ဟုဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေ၇တော့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


စစ်ကောင်စီ၏ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီး တစ်ရက် ကျဆင်းလျက်ရှိသည်ဟုလည်းလက်ရှိစစ်ကောင်စီတပ်၏အခြေအနေကိုထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုသို့ကျဆင်းနေခြင်းမှာစစ်ကောင်စီတပ်တွင်စိတ်ဓာတ်ရေးရာပျက်ပြားနေ၍ ဖြစ်ကြောင်း CDM ဗိုလ်ကြီးလင်းထက်အောင်ကနိရဉ္စရာသတင်းဌာနကိုပြောကြားထားသည်။

“ စစ်တပ်ရဲ့  စိတ်ဓာတ်အင်အားအခြေအနေတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်မတိုက်ရဲတဲ့ အခြေအနေတစ်ခုကို ရောက်သွားပြီလို့ ပြောလို့၇ပါတယ်" ဟုဆိုသည်။

ဤသည်မှာ မိမိတို့အတွက်သာမက စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်း အတွက် မဟာအခွင့်အရေးပင် ဖြစ်ကြောင်း၊ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော် တိုက်တွန်းလိုက်ပါကြောင်းဖြင့်လည်း ညီနောင်သုံးဖွဲ့ကပြောဆိုသည်။ 

၎င်းပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းစောစီးစွာ လက်နက်ချအညံ့ခံရန် ယမန်နေ့က ရက္ခိုင့်တပ်တော်မှ ထပ်မံသတိပေးလိုက်သည်ဟု သိ၇သည်။ 


“ လိမ္မာပါးနပ်သော စစ်ကောင်စီ၏တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက် ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရသည်မှာ ဒုနှင့်ဒေးပင်ဖြစ်ကြောင်း၊  ထို့ကြောင့် လက်နက်ချအညံ့ မခံသောစခန်းများကို ထိုးစစ်မစတင်မီ လက်နက်ချအညံ့ခံရန် မိမိတို့အနေဖြင့် အသိပေးထားပြီးဖြစ်ပါကြောင်း” ဖော်ပြသည်။

၎င်းပြင်လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏အသက်မှာ မသေသင့်ဘဲသေဆုံးခဲ့ကြ၇ပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သောဘ၀မျိုးသို့ ရောက်ရှိကြ၇သည်ဟုလည်း ဆိုသည်။

စစ်ဆင်ရေးစတင်သည့်အချိန်မှ ယနေ့အထိ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့် တပ်တော်မှ တစ်ခုပြီးတစ်ခု ဗျူဟာမြောက်စွာ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ရက္ခိုင်၊ ပလက်၀နှင့် အခြားသောဒေသများအတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖွဲ့ချင်း (သို့မဟုတ်) ညီနောင်မဟာမိတ် များနှင့်ပူးပေါင်း၍ သိမ်းပိုက်ရရှိထားသော စခန်းမြောက်မြားစွာရှိခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် ရက္ခိုင့် တပ်တော်အနေဖြင့် လက်နက်ချအညံ့မခံသောစခန်းတိုင်းကို ထပ်မံ သိမ်းပိုက်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထို့အတူ အခြားသောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု သိရှိ၇သည်။

 

 

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.