တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မအီမြို့တခွင် စစ်ကောင်စီတပ်ကင်းရှင်းသွားပြီဖြစ်သော်လည်း မိုင်းအများအပြားကို ရက္ခိုင့်တပ်တော် ရှင်းလင်းနေရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တခွင်တွင်စစ်ကောင်စီတပ်ကင်းရှင်းသွားပြီဖြစ်သော်လည်း မိုင်းအများအပြားထောင်ထားခဲ့၍ ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေရကြောင်း မြို့ခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မအီမြို့တွင် မအီမြို့မရဲစခန်းနှင့် ဇီးဇံတောင်စစ်စခန်းတို့ရှိပြီး ၎င်းစခန်း၂ ခုမှ စစ်ကောင်စီ တပ်သားများသည်  ဖေဖော်ဝါရီလ ၁၆ ရက်ညပိုင်းက မြို့မှ ဆုတ်ခွာသွားခဲ့ကြသည်။

မအီမြို့ခံတစ်ဦးက " စစ်တပ်တွေထွက်သွားပြီး ဒီလ ၁၉ ရက်နေ့ကလောက်ကပဲ ရဲစခန်းကို မိုင်းရှင်းလင်းခဲ့တာ။ စစ်ကောင်စီက မိုင်းတွေအများကြီးထောင်ထားခဲ့တယ်။ အတော်လေး ရှင်းရမယ့်ပုံဗျ" ဟု သူကပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁၆ ရက်ညပိုင်းက မြို့မှ ဆုတ်ခွာသွားပြီး မအီ-ပြင်ဝန်း ဆက်သွယ်ထားသည့် မအီချောင်းတံတားကြီးနှင့် မြို့နှင့် ၃ မိုင်ခန့်အကွာ မအီ-ကျောက်ဖြူကားလမ်းမှ ကျောက်ကြီးပေါက်တံတားတို့ကို မိုင်းခွဲချိုးဖျက်ခဲ့သည်။


စစ်ကောင်စီတပ်ဆုတ်စဥ် မိုင်းခွဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မအီချောင်းတံတားကြီး ခြေရင်းမှ နေအိမ်တချို့ပျက်စီးခဲ့ပြီး မအီမြို့အထက် တန်းကျောင်းမှာလည်း ပျက်စီးမှုရှိခဲ့သည်။

လက်ရှိတွင် ဇီးဇံတောင်ဗျူဟာနှင့် မအီမြို့မရဲစခန်းနှစ်ခုစလုံးတွင် စစ်ကောင်စီတပ်မရှိတော့ကြောင်း၊ သို့သော်လည်း ဇီးဇံတောင်ဗျူဟာကိုမူမိုင်းမရှင်းလင်းရသေးကြောင့် မအီမြို့ခံများကပြောသည်။

"ဇီးဇံတောင်မှာလည်း စစ်တပ်မရှိတော့ဘူး။ ဒါပေမယ့်အဲဒီဘက်ကိုမိုင်းမရှင်းလင်းရသေးဘူး" ဟု မအီမြို့ခံတစ်ဦးကပြောသည်။

တောင်ကုတ်ခရိုင်ထဲမှ မြို့တစ်မြို့ဖြစ်သည့် မအီမြို့တွင် အမှတ် (၁)၊ (၂)၊(၃)၊ (၄-ပြင်ဝန်း) မြို့ပေါ်ရပ်ကွက် လေးခုနှင့် မြို့နေလူဦးရေ ၅၀၀၀ ကျော်ရှိ​ကြောင်း မြို့ခံများထံမှသိရှိရသည်။

စစ်ကောင်စီတပ်ဆုတ်သွားသော်လည်း မြို့ကိုလေကြောင်း တိုက်ခိုက်မှုများပြုလုပ်လာမည် စိုးရိမ်၍ မြို့ခံအများစုမှာ မြို့ပေါ်မှထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ မနက်ဖြန်ဖေဖော်ဝါရီလ ၂၂ ရက်တွင် Grade 5 နှင့် Grade 9 စာမေးပွဲများ​ဖြေဆိုရမည်ဖြစ်သော်လည်း မြို့ခံအနည်းစုသာ မြို့ကိုပြန်ရောက်ရှိနေသေးကြောင်းသိရသည်။(NN-23)

ဆက်စပ် သတင်းများ