ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

မင်းပြား တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်း၏ ကာကင်း ၃ခုနှင့် အရေးပါသောနေရာ ၁ခုကို AA သိမ်းပိုက်လိုက်ပြီ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

(လက်နက်မချသော မြို့ ၄မြို့မှ စစ်ကောင်စီတပ်များကို ထိုးစစ်များဆက်လက်ဆင်နွှဲ)

ရက္ခိုင့်တပ်တော် (AA) သည် မင်းပြားမြို့နယ်အခြေစိုက် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၄ ရက်မြောက်နေ့တွင် စခန်း၏ အစိတ်အပိုင်း တစ်ချို့ဖြစ်သော ကာကင်းစခန်း (၃) ခုနှင့် စစ်ကောင်စီတပ် အတွက်အရေးပါသော နေရာတစ်ခုအား လောလောဆယ် သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း တပ်တော်၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှ မင်းပြားတိုင်းဗဟို (၉) အား ဖေဖော်ဝါရီလ (၁၉) ရက်နေ့ က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လေးရက်မြောက်နေ့တွင် ထိုသို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ပြီး  ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း  လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားပါသည်။

ရက္ခိုင့်တပ်တော်သည် မင်းပြားမြို့ပေါ်  ဗျူဟာအခြေစိုက် စစ်စခန်းများ အပါအဝင် တပ်ရင်း ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တို့အား အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့်​ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းအား လက်နက်ချရန် သတိပေးထားသော်လည်း လိုက်နာမှု မရှိသဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲစတင်သည့်နေ့မှ စတင်၍ တိုင်းဗဟို (၉) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်နေ၍ ကမ်းနီအပါအဝင် အနီးအနားရှိကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ